မိုင်းယောင်း-မိုင်းယုသို့ ယာယီသွားလာနိုင်ရန်  ပြိုကျခဲ့သည့် ကွန်ကရစ်တံတား အမှတ် ၁/၂၀အား  ပြုပြင် လျက်ရှိ

မိုင်းယု ဇူလိုင် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတားအား ပြည်သူများ အမြန်ယာယီသွားလာနိုင်ရန် ယနေ့အထိ ပြုပြင်နေလျက် ရှိကြသည်။

တံတားပြုပြင်ရာ၌ မိုင်းယုမြို့ မိုင်းယုမြို့လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နိယာ ဦးဟန်ရည်ထွန်း နှင့် အဖွဲ့များတို့မှ  ပြည်သူများ လတ်တလော ယာယီအမြန်သွားလာနိုင်ရန်အတွက် ပျက်စီးခဲ့သည့်တံတား နေရာ၌ (သံဘောင်ပါ) သံတံတားဟောင်းတစ်စင်းအား အစားထိုးခြင်း၊ သစ်သားခုံများခံခြင်းနှင့် တံတား အစွန်းအား မြေသားများဖြည့်တင်းခြင်းများဖြင့် အမြန်ဆောင်ရွက်နေလျက် ရှိကြသည်။

အဆိုပါ ပြိုကျခဲ့သည့်တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၂၄ ပေခန့်ရှိသည့် ကွန်ကရစ်တံတားဖြစ်ပြီး မိုင်းယုဘက်ခြမ်းရှိ တံတားအုတ်ခုံတိုင်အား ရေတိုက်စားကာ ပြိုကျရခြင်းဖြစ်ကြောင်းနှင့် ယနေ့ လတ်တလော အခြေအနေထိ ဆိုင်ကယ်များသာ အဆိုပါတံတားပေါ်မှသွားလာနိုင်သော်လည်း ကားကြီး၊ ကားငယ်များမှာ ဖြတ်သန်းသွားလာ၍ မရသေးကြောင်းသိရသည်။

ကိုကိုနိုင်(မိုင်းယု)