မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးကြေညာ

မချမ်းဘော့   ဇူလိုင်  ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင် ဦးဆောင်မှုဖြင့် အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် ဒုတိယဦးစီးမှူး ဦးမင်ထုန်းဒီးရမ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်၊ မြို့နယ်ကျန်းမားရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ လူအသွား အလာများသည့်လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့်လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်နှင့် ကူးစက်မှုမှ ကာကွယ်ရန်အတွက်တတ်နိုင် သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည် လုံးဝလက်ခံခြင်း မပြုလုပ်ရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း မပြုလုပ်ရန်၊ မဖြစ်မနေ အပြင်သွားလိုပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ရန်နှင့် သုံးပြီး Mask အား စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းထားခြင်း မရှိသူများထံမှ ဈေး၀ယ်ခြင်း မပြုရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်၂၀ကြာအောင် စနစ်တကျဆေးကြောရန်၊ အခြားသူများနှင့် ၆ ပေ အကွာ ခပ်ခွာခွာနေရန် စသည့် အဆိုပါစည်းကမ်းချက်များကို စနစ်တကျ လိုက်နာမှသာလျင် အချိန်တိုအတွင်း ထိရောက်အောင်မြင်၍ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်းနှင့် အဆိုပါ စည်းကမ်းချက် များကို မလိုက်နာပါက သဘာ၀ဘေးဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး နိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါလက္ခဏာတစ်စုံတစ်ခုဖြစ်ပေါ်လာပါက  ကိုဗစ်-၁၉ရောဂါစစ်ဆေးရန် မချမ်း ဘော့မြိုနယ် ကျန်းမာရေးဌာနသို့ မေးမြန်းစစ်ဆေးခံနိုင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)