ချီဖွေ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များ အား မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံနေရာများတွင် (Hand Speaker)ဖြင့် လှည့်လည် နှိုးဆော်ခြင်း များကို ဇူလိုင်(၂၁)ရက် နေ့ည (၈)နာရီအချိန်တွင် အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်(၄)ရပ်ကွက်အတွင်း လမ်းဆုံနေရာများတွင် လှည့်လည် အသိပညာပေး နှိုးဆော်ချက်များ ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်၊ မိမိနေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များသွားရောက်ခြင်း မပြုကြရန်၊ အပြင်ထွက်ချိန်တိုင်း (Mask)ကို စနစ်တကျ တပ်ဆင်ကြ ရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးနှင့်စျေးဝယ်ထွက်ခြင်း များ ရှောင်ကြည်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်ပြသကြရန် စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် ဇူလိုင်လ(၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ဦးရေမှာ ကျန်းမာရေး ဝန်ထမ်း(၂)ဦး၊မီးသတ်(၁)ဦး အပါအဝင် စုစုပေါင်း(၁၅)ဦးရှိပြီး သတ်မှတ်နေရာများတွင် ဆေးကုသမှုခံ ယူစေလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ချီဖွေ(မြို့နယ် ပြန်/ဆက်)