မြဝတီ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ ဈေးများနှင့် လူစည်းကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာသောကြောင့် မြဝတီမြို့ရှိ မိဘပြည်သူများအနေဖြင့် လက်ရှိ အခြေ အနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသော ဧည့်သည် များအား လက်မခံပါရန်၊အရေးကြီးကိစ္စကြောင့် အပြင်သွားရပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်ကွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့က ပူးပေါင်း၍ နံနက်(၈)နာရီမှ (၉)နာရီ အထိတစ်ကြိမ်၊ နေ့လယ်(၁၂)နာရီမှ (၁)နာရီအထိ တစ်ကြိမ်၊ ညနေ(၃)နာရီမှ (၄)နာရီထိတစ်ကြိမ် စုစုပေါင်း (၃)ကြိမ်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ ကြသည်။
ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့သည့်အတွက် မြဝတီမြို့မှ ပြည်သူများအနေဖြင့်လည်း ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်ခွာခြင်းကို တားမြစ်ထားပြီး ဈေးဝယ်ခွင့်ကိုလည်း ဈေးဝယ်ခွင့် ကတ်ပြားများဖြင့် နံနက် ၆ နာရီမှ ၉ နာရီအထိသာ ခွင့်ပြု ထားကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
မန်းသန်းရွှေမြင့်