မိုင်းယောင်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်မိုင်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော်နှင့် အလှူရှင်များက ယမန်နေ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် အမှတ်(၈) ရပ်ကွက်မှ ပြည်သူများက ထောက်ပံ့သော သောက်ရေ သန့်များ၊ မားမားခေါက်ဆွဲများ စသည့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို အမှတ်(၈)ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးစိုင်းဘွန်းအွန်၊ ရပ်ကွက်တာဝန်ခံ အုပ်ချုပ်ရေးမှူး ဦးနန်ဥကျိုင်းနှင့် အဖွဲ့တို့က ရေဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်မှုကြောင့် တောင်ကျရေနှင့် ချောင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ လယ်ယာမြေ ရေကြီးနစ်မြုပ်ခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းတို့ ကြုံတွေ့သော ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများက ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို နေ့စဉ်သွားရောက်ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း