မိုင်းဆတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာ ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီက ဌာနဆိုင်ရာ များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြ ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာခဏ ဆေးကြောရန်၊ မိမိတို့ နေအိမ် ပြတင်းပေါက် တံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်နှင့် အဝတ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်း မပြုလုပ်ရသေးမီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘ ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန်စသည့် အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်