မိုးကောင်း ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက် ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီတွင် လမ်းဆုံလမ်းခွနှင့် ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များကို ဒေသခံပြည်သူများအနေဖြင့် အိမ်ပြင်ပသို့သွားလျှင် ပါးစပ် နှားခေါင်းစည်း တပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်း၊ မျက်စေ့တို့ကို ထိတွေ့ ကိုင်တွယ်ခြင်း မပြုရန်၊ ပစ္စည်းအရာဝတ္ထုတစ်ခုခုကို ကိုင်တိုင်း လက်ကို ဆပ်ပြာ (သို့) ရေမလို လက်သန့်ဆေးရည်ဖြင့် ဆေးကြော ရန်၊ လူစုလူဝေး ရှောင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာမှ ပြောဆို ဆက်ဆံကြရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ ဆောင်ရွက်ခြင်း လုပ်ငန်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်သည့် အဖွဲ့ဝင် များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသွားဈေးပြန်၊ ပျံကျဈေးသည် များအား Mask များ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
အလားတူ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များကလည်း ကျေးရွာအသီးသီး တို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်နေကြောင်း သိရ သည်။
သန်းလွင်ဦး