မိတ္ထီလာ ဇူလိုင် ၂၁
မိတ္ထီလာမြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့အထိ ဆီမီးလော့ဒေါင်းချ အသွား အလာကန့်သတ်ထားပြီး မွန်းလွဲ ၁ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် တားမြစ် ထားရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်း နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် အဓိကလမ်းမကြီးများတွင် သတ်မှတ်ချိန် မွန်းလွဲ ၁ နာရီ ကျော်လွန်ချိန်တွင် အပြင်ထွက်သွားလာသူများအား အပြင်ထွက်/ဈေးဝယ်ခွင့်ကတ် များ ပါရှိမှုရှိမရှိ စစ်ဆေးခြင်း၊ အဆိုပါကတ်များပါရှိလျှင်လည်း မွန်းလွဲ ၁ နာရီကျော် နောက်ပိုင်း တွင် ကျန်းမာရေးအရေးပေါ်ကိစ္စမှ အပအပြင်ထွက်သွားလာခွင့်မရှိကြောင်း အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။ မိတ္ထီလာမြို့တွင် ကိုဗစ်၁၉-ရောဂါကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် လိုကယ်ဆီမီးလော့ဒေါင်းသတ်မှတ်ခြင်း၊ သက်ဆိုင်ရာစည်းကမ်းချက်များ ကိုထုတ်ပြန်ကြေညာခြင်းများကိုဆောင်ရွက်ထားပြီးဖြစ်သည်။ ဆီမီးလော့ဒေါင်းကာလတွင် နံနက် ၄ နာရီမှ မွန်းလွဲ၁နာရီအတွင်း အပြင်ထွက်/ဈေးဝယ်ခွင့်ကတ်ပြားများဖြင့် အိမ်ထောင်စု ၁ စု ၁ ဦးသာ ထွက်ရှိရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ မွန်းလွဲ ၁ နာရီနောက်ပိုင်းတွင် အရေးပေါ်ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်သွားလာခြင်းမပြုရန် စသည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ဆီမီးလော့ဒေါင်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူး လွန်ခြင်းများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေနည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ