မူဆယ်ဒေသပြည်သူများနှင့် မန္တလေးပြည်သူ့ဆေးရုံအတွက် အောက်စီဂျင်များ ပေးပို့လှူဒါန်း

မူဆယ်    ဇူလိုင်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မြို့နယ်များတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အောက်စီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်မားလျှက်ရှိသည်။

ထိုသို့အခြေအနေများကြောင့် မူဆယ်အခြေစိုက်လုပ်ငန်းရှင်၊ New Starlight Construction Co..,ltd (မင်္ဂလာမူဆယ်) က မူဆယ်ခရိုင်ပြည်သူ့ဆေးရုံအတွက် အသင့်သုံး (40L) အောက်စီဂျင်ဘူး ၆၀ စုံနှင့် ကုသရေးပစ္စည်းများ တန်ဖိုးသင့်ငွေကျပ် (၁၅,၀၀၀,၀၀၀/-) သိန်းဖိုးကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကုမ္ပဏီ၏ Information Centre Room တွင် ဒါရိုက်တာဦးမောင်စိန် က ပေးအပ်လှူဒါန်းရာ မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုး၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က လက်ခံရယူသည်။

ထိုကဲ့သို့ပင် ဇူလိုင်(၁၇)ရက်နှင့် (၂၀)ရက်နေ့များက မန္တလေးပြည်သူ့ဆေးရုံသို့ အများပြည်သူအသုံးပြုရန်အတွက် (40L) အသင့်သုံး Oxygen Cylinder (၂၉၃၅) ဗူးကိုလည်းကောင်း၊ (10-15 L) Oxygen Cylinder (၈၀) ဗူး၊ Masks (70000) ခု၊ Buoy Type Oxygen Inhalator (၁၈၄၀) ဗူး၊ Oxygen Liquid (၂၆)တန်နှင့် ကုသကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်းအမျိုးပေါင်း (၁၇)မျိုးများမှ ပစ္စည်းတန်ဘိုးသိန်းပေါင်း (၁၂၀၀၀)တန်ဘိုးကို မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မန္တလေးဆေးရုံသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)