မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

မလှိုင်  ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်း က မလှိုင်မြို့ပေါ် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနေ့က မြို့ပေါ် လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစည်ပင်သာယာဈေးပတ်ဝန်းကျင်၊ ဈေးအနောက်ဖက်  ပွဲစားတန်းလမ်း၊ အမှတ်(၄)ရပ်ကွက်၊  ဘဏ်လမ်း၊ မြို့လယ် မိတ္ထီလာမြင်းခြံကားလမ်းမ တစ်လျှောက်၊ မြို့ပေါ်ရပ်ကွက်များနှင့် အုတ်ကျင်းကျေးရွာ၊ ထန်းတောကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂ဝ) ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန် စသည့် သတိထား လိုက်နာရမည့်အချက်များကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။              

အောင်ဌေး(မလှိုင်)