နမ့်ခမ်း ဇူလိုင် ၁၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူရေးအတွက် မြို့နယ်အတွင်း နှင့်ပြည်ပမှ အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများမှ ကုသ ရာတွင် အောက်စီဂျင်လိုအပ်မှုရှိသည့်အတွက် မြို့နယ်အတွင်းနှင့်ပြည်ပမှ အလှူရှင်များက အောက်စီဂျင် ဝယ်ယူ နိုင်ရေးကို အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း၊ လက်ရှိ အချိန် အောက်စီဂျင်နှင့် ကုသပေး ရသည့်လူနာ (၄၀)ဦးခန့်၊ အောက်စီဂျင်အိုး(၆၀)အိုးခန့် အသုံးပြုရပြီး နေ့စဉ် အောက်စီဂျင်ဖိုး ကုန်ကျစရိတ် (၁၀)သိန်းဝန်းကျင် ကုန်ကျလျက်ရှိကြောင်း မြို့နယ်ပည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုင်းလှတင်က ပြောကြားသည်။
နမ့်ခမ်းမြို့အတွင်းတွင် အောက်စီဂျင်ဖြည့်စက်ရုံမရှိသဖြင့် နမ့်ခမ်းမြို့ (၁၅)မိုင်ခန့်အကွာ မူဆယ် မြို့နယ်ရှိ စယ်လန့်ကျေးရွာသို့ သွားရောက်ဖြည့်တင်းလျှက်ရှိပြီး ယခင်က အောက်စီဂျင် သွားရောက် ဖြည့်တင်းသည်ကိစ္စ အခက်အခဲမရှိသော်လည်း ယခုရက်ပိုင်းအတွင်းမှာ တခြား ဒေသများလည်း စယ်လန့်အောက်စီဂျင်စက်ရုံသို့ အောက်စီဂျင်အိုး လာရောက်ဖြည့်တင်းသည့် အတွက် အချိန်ကြာမြင့်စွာ အလှည့်ကျစောင်းဆိုင်းရပြီး အလျဉ်မှီ (၅)အိုးနှင့် (၁၀)အိုးအကြား ညအိပ်စောင့် ဖြည့်တင်းရပြီး ဆေးရုံ တက်လူနာအသုံးပြုရန် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်မီးသတ ်တပ်ဖွဲ့နှင့် လူမှု ကူညီရေးအသင်းတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နမ့်ခမ်းမြို့နယ်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၏ အတည်ပြုချက်အရ ယနေ့ နံနက်ပိုင်း(၁၀)နာရီအချိန်ထိတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၁၄)ဦးရှိပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်အတွင်း စောင့် ကြည့်ကုသပေးလျက်ရှိရာ ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် ဆေးရုံဆင်းခွင့်ပြုသူ(၁၄၀)ဦးနှင့် သေးဆုံးသူ(၂၀)ဦးရှိပြီးဖြစ်ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)