ပင်းတယ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် အများပြည်သူတို့ ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် Oxygen plant(အောက်ဆီဂျင်စက်ရုံ) တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မတည်အလှူရှင် ရွှေရတုတိပိဋကစရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘဒ္ဒန္တဝံ သဂါလာလင်္ကရ (ရွာငံမြို့)ကျပ်သိန်း(၅ဝ)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမိသားစုကျပ်သိန်း(၅၀)၊ MRTV-4 မိသားစုမှ ကျပ်သိန်း(၁၅၀)နှင့် အလှူရှင်များ စုပေါင်းလှူဒါန်းငွေများဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး အောက်ဆီဂျင်စက်ထုတ်သည့်စက်နှင့် အောက်ဆီဂျင်အိုး ဝယ်ယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက် ထားကြောင်း လည်းသိရသည်။
ယခုတည်ဆောက်မည့်Oxygen plantမှာ ၂၄နာရီ(၁)ရက်တွင် 40Nos (150Bar/2200psi)မှ 60Nos (100Bar/1500psi) အထိ ဖြည့်သွင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုန်ကျငွေ စုစုပေါင်း ကျပ်သိန်း(၅၀၀)ခန့်ရှိကြောင်းနှင့် ဆင်ခေါင်းရပ်ကွက်ရှိ ယခင်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အဆင့် ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ချိတ်ဆက် လှူဒါန်း နိုင်ကြောင်းသိရသည်။
ပင်းတယ(ပြန်/ဆက်)