တနင်္သာရီ ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိ၍ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် အခြား အရေးပေါ်လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာ အုပ်စု၊ ရေဖြူ ကျေးရွာအခြေစိုက် အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှမော်ဦးနှင့်အဖွဲ့၊ မြိတ်မြို့နေ ရတနာ မိုးပြည့်ထွန်းကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မြင့်+ဒေါ်အိအိလင်း မိသားစုတို့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက် ကုန်နှင့် အလှူငွေများပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
၎င်းလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ တနင်္သာရီ တပ်နယ်မှူး ဗိုလ်မှူး ထက်ကိုကိုဝင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်း နေသော မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် ဆရာမများ၊ ဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှမော်ဦးက လှူဒါန်းရ ခြင်းအား ရှင်းလင်းပြောကြားပြီးနောက် မာမားခေါက်ဆွဲ(၁၂၀)ထုပ်၊ ကြက်ဥ (၁၂၀)လုံးကိုပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် သူနာပြုအုပ် ဒေါ်ဥမ္မာမျိုးတို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ မြိတ်မြို့မှအလှူရှင် ဦးအောင်ကျော်မြင့်-ဒေါ်အိအိလင်းတို့က မာမားခေါက်ဆွဲ (၁၀)ပါကင်၊ ကွေကာအုပ်အထုပ်ကြီး(၂၀)ထုပ်၊ Hand Gel ဘူးကြီး(၃)ဘူး၊ Mask (၅၀)ဘူးနှင့် ကိုဗစ် ရောဂါပိုး ကူးစက် ခံနေရ၍ ကုသမှုခံယူနေသည့် လူနာများအား ကျွေးမွေးရန်အတွက် အလှူငွေကျပ် (၂)သိန်းကို လှူဒါန်း ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းတို့က လက်ခံရယူ ပြီး မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း