သုံးခွ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်ချက် များပြားလာသဖြင့် အရေးပေါ်လွယ်ကူ အဆင်ပြေစွာ ရရှိ အသုံးပြုနိုင်ရန် အောက်ဆီဂျင်ထုတ် စက်ရုံတစ်ရုံ တည်ဆောက်မည်ဟု သိရှိရသည်။
တစ်နေ့လျှင် အောက်ဆီဂျင် လီတာ(၄၀)ဆံ့အိုး အလုံး(၁၂၀)ဖြည့်တင်းထုတ်လုပ်ပေးနိုင်သော အဆိုပါ စက်ရုံအား သုံးခွ-သန်လျင် ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ (ရဲနွဲ့တာအနီး) ၄ ဒသမ ၉၄ ဧကရှိ ဘိုးဘွားရိပ်သာ၌ တည်ဆောက်မည်ဖြစ်ကာ ဦးအုန်းဆိုင မိသားစု New Golden Gate (ခေတ်သစ်)ပွဲရုံ၊ ခရမ်းမြို့နှင့် ဦးကျော်ဝင်း Bright Light (လင်းလက်) ပဲမျိုးစုံ ရောင်းဝယ်ရေး၊ ကုမ္ပဏီမိသားစု၊ ကြက်တံဆိပ်မိသားစု၊ သုံးခွမြို့တို့က လိုအပ်လျက်နေသော ကျပ်သိန်းကိုးရာကျော်တန်ဖိုးရှိ အောက်ဆီဂျင်စက်အား လှူဒါန်းရန် တရုတ်နိုင်ငံမှ ဝယ်ယူပြီးဖြစ်ကာ သြဂုတ်လတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအချိန်တွင် သုံးခွမြို့နယ်အတွင်းရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းသော ဘိုးဘွား ရိပ်သာ အတွင်း၌ (၃၁၅) ကေဗွီအေထရန်စဖော်မာတစ်လုံး တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက် လျက်ရှိပြီး အောက်ဆီဂျင်ထုတ် စက်ထားရန် အဆောက်အဦးအတွက် ဦးဆာသရား - ဒေါ်လာလီသာ မိသားစု၊ ရတနာတောင် ကုမ္ပဏီလီမိတက်၊ စော်ဘွားကြီးကုန်း၊ အင်းစိန်၊ ရန်ကုန်မြို့မှ တစ်ဦးတည်း လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။