နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူနိုင်ရေး အလှူငွေ များလှူဒါန်း

နမ့်ခမ်း ဇူလိုင် ၂၀
 
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိ သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်ဆီဂျင်ဝယ်ယူရေးအတွက် မြို့နယ် အတွင်းနှင့် တစ်ဖက်နိုင်ငံမှ အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ ဆေးရုံသို့ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
 
နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များမှ ကုသရာတွင် အောက်ဆီဂျင် လိုအပ်မှုရှိသည့်အတွက် မြို့နယ်အတွင်းနှင့် ပြည်ပမှ အလှူရှင်များက အောက်ဆီဂျင် ဝယ်ယူနိုင်ရေးကို အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း၊ လက်ရှိအချိန် အောက်ဆီဂျင်နှင့် ကုသပေးရသည့် လူနာ (၄၀)ဦးခန့်၊ အောက်ဆီဂျင်အိုး(၆၀)အိုးခန့် အသုံးပြုရပြီး နေ့စဉ် အောက်ဆီဂျင်ဖိုး ကုန်ကျစရိတ် (၁၀)သိန်းဝန်ကျင် ကုန်ကျလျက်ရှိ ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုင်းလှတင်က ပြောကြားသည်။
 
နမ့်ခမ်းမြို့အတွင်းတွင် အောက်ဆီဂျင်ဖြည့် စက်ရုံမရှိသဖြင့် နမ့်ခမ်းမြို့ (၁၅)မိုင်ခန့်အကွာ မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာသို့ သွားရောက်ဖြည့်တင်း လျက်ရှိပြီး ယခင်က အောက်ဆီဂျင် သွားရောက်ဖြည့်တင်းသည်ကိစ္စ အခက်အခဲမရှိသော်လည်း ယခုရက်ပိုင်းအတွင်းမှာ တခြားဒေသများ လည်း စယ်လန့် အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်အိုး လာရောက်ဖြည့်တင်း သည့်အတွက် အချိန်ကြာမြင့်စွာ အလှည့်ကျ စောင်းဆိုင်းရပြီး (၅)အိုးနှင့် (၁၀)အိုးအကြား ညအိပ်စောင့် ဖြည့်တင်းရ ပြီး ဆေးရုံတက် လူနာအသုံးပြုရန် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
 
နမ့်ခမ်းမြို့နယ်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၏ အတည်ပြု ချက်အရ ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်အထိတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၁၄)ဦးရှိပြီး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်အတွင်း စောင့်ကြည့်ကုသပေးလျက် ရှိရာ ရောဂါ လက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ဆေးရုံဆင်းခွင့်ပြုသူ(၁၄၀)ဦးနှင့် သေးဆုံး သူ(၂၀)ဦးရှိပြီးဖြစ်ကြောင်း သိရသည်။
 
ဘဦး