မိုင်းယောင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခြင်းကြောင့် အန္တရာယ်မဖြစ်ပွားရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မိုင်းယောင်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ၊ မိုးရေများသည် အနိမ့်ပိုင်းနှင့် ချောင်းဘေးရှိ ရပ်ကွက်အချို့နှင့် ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ စသည့် အနိမ့်ပိုင်းကျေးရွာများ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုးစသည့် ချောင်းကမ်းနံဘေး ကျေးရွာများတွင် လူနေအိမ်အတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ကျေးရွာလမ်းမ ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ် လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေးများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်း၌ မိုးရာသီကာလအတွင်း မိုးများပြီး မိုးသည်းထန်စွ ာရွာသွန်းပါက အနိမ့်ပိုင်းနှင့် ချောင်းကမ်းနံဘေးရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယခုလို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)