ရွာငံမြို့နယ်တွင် အောက်ဆီဂျင်စက်အသစ်(၁)လုံး ဝယ်ယူတပ်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွာငံ ဇူလိုင် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် အောက်ဆီဂျင်စက်ရုံ အသစ်(၁)လုံး တည်ဆောက်နိုင်ရေးအား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ တတိယလှိုင်းတွင် ကိုဗစ်လူနာများအား ကုသဆောင်ရွက်ရာတွင် Oxygen အသုံးပြုနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရွာငံမြို့နယ်တွင် လိုအပ်လျက်ရှိသည့် Oxygen ကို မိမိတို့ဒေသတွင် အလွယ်တကူရရှိရေးဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ရပ်မရပ်ဖများမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ် - ၁၉ တတိယလှိုင်းအတွက် အောက်ဆီဂျင်စက်မှာ အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ အောက်ဆီဂျင်စက် ဝယ်ယူတပ်ဆင်နိုင်ရေးတွင် အားလုံးအတူတကွ ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသန့် (ရွာငံ)