လားရှိုး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အောက်ဆီဂျင်စက်သစ်ကြီး (၃)လုံးမှာ တရုတ်ပြည့်သူ့သမ္မတနိုင်ငံမှတစ်ဆင့် လားရှိုးမြို့သို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက် (၃) လုံးအနက် တစ်လုံးကို လားရှိုးမြို့ ၊ရပ်ကွက်(၁၂) ၊ လေယာဉ်ကွင်းလမ်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် Oxygen Plant ဝင်းအတွင်းတွင် တပ်ဆင်ထားရှိမည်ဖြစ်ပြီး ၊ စက်နှစ်လုံးကို လားရှိုး - မိုင်းရယ်လမ်းပေါ်၊ ခါးသျှီကျေးရွာအနီးရှိ Connerstone Resources ကုမ္ပဏီပိုင်စက်ရုံဝင်းအတွင်းတွင် တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ယခုအသစ်တပ်ဆင်အသုံးပြုမည့် အောက်ဆီဂျင်စက်သစ်ကြီး သုံးလုံးသည် တစ်လုံးလျှင် တစ်ရက်လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုးအလုံးရေ ၂၀၀ လုံးစီထွက်ရှိနိုင်မည်ဖြစ်ပြီး စက်သုံးလုံး တပ်ဆင်ပြီးစီး ပါက တစ်ရက်လျှင်လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၆၀၀ ဝန်းကျင်ခန့်ထိ ထုတ်လုပ် ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လားရှိုးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌လည်း တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီ ဂျင် ၂၄ လုံးထုတ်လုပ်နိုင်သည့်စက် နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် Oxygen Plant တွင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၂၀ လုံးထုတ်လုပ်နိုင်သည့် စက်သစ်ကြီးများ လည်ပတ်လျက်ရှိကြောင်း သိရသည်။ ယခုအသစ်ရောက်ရှိလာသော အောက်ဆီဂျင်စက်သစ်ကြီး သုံးလုံးတပ်ဆင်ပြီးစီးပါက လားရှိုးမြို့တွင် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၆၅၀ လုံးဝန်းကျင်ခန့်ထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသခံများ၏ အောက်ဆီဂျင်လိုအပ်မှုကို အခမဲ့ ဖြည့်တင်းပေးနိုင် မည်ဖြစ်ကြောင်း လားရှိုးမြို့ ကိုဗစ်-၁၉ ကြပ်မတ်၊ ကုသရေးစင်တာ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။ လားရှိုးမြို့တွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၁၂၁ ဦး ထိရှိခဲ့ပြီး ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရသူမှာ ၆၇၄ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်