ဝိုင်းမော် ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း Oxygen စက်ရုံ တည်ဆောက်သွားမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နေ့လယ်(၁) နာရီခွဲအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ ပြောကြားရာတွင် ဝိုင်းမော်မြို့နယ်အတွင်း လိုအပ်နေသည့် Oxygen စက်ရုံ သိန်းခြောက်ရာတန်အား ဝိုင်းမော်ပြည်သူ့ ဆေးရုံဝင်းအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း အလှူရှင်တွေ ပူးပေါင်း ပြီး ပြုလုပ်မှာဖြစ်ပြီး အလှူခံရရှိသော အလှူဖြတ်ပိုင်း စာရင်းအရ သိန်းသုံးရာ ရရှိပြီးဖြစ် သောကြောင့် Oxygen စက်ရုံတည်ဆောက်ဖို့ ပစ္စည်းများကို စရံပေးချေပြီး မှာလို့ရရင် ယခုလအတွင်း အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း ၎င်းစက်ရုံမှ တစ်နေ့လျှင် (40)လီတာဘူး အလုံး(၃၀)လုံး ထွက်ရှိ မည်ဖြစ်ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆေးရုံ၊ Quarantine စင်တာ လိုအပ်နေတဲ့ Oxygen မပြတ်အောင် ပေးနိုင်ခြင်းနှင့် ကန်ပိုက်တီ၊ ဆဒုံး ဆေးရုံ၊ ဝိုင်းမော်ပြည်သူ့ဆေးရုံများပါ လုံလောက်မှုရှိကြောင်း ပြောကြားခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ဆွေးနွေးခဲ့ သည်။ ဝိုင်းမော်မြို့နယ်အတွင်း ဇူလိုင် ၁၈ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈၄)ဦးနှင့် ကျန်းမာရေး ပြန်လည် ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၇၇)ဦးတို့ဖြစ်ပြီး သေဆုံးသူ (၅)ဦးအထိ ရှိကြောင်း သိရှိရသည်။
ခိုင်သက်မွန်