ဘားအံ ဇူလိုင် ၂၀
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Oxygen Plant ဝယ်ယူရေးအတွက် Steel Stone Co.,Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့မှ အလှူငွေကျပ် သိန်း(၁၅၀၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ တတိယလှိုင်းသည် ပိုမိုပြင်းထန်၍ ကူးစက်မှုနှုန်းမြန်ပြီး ရောဂါအခံရှိသော အသက်အရွယ် အပိုင်းအခြာမရွေး သေဆုံးမှုနှုန်းလည်း မြင့်တက်လာကြောင်း၊ ကရင်ပြည်နယ် အတွင်း မြို့နယ်တိုင်းတွင် ရောဂါကူးစက် ဖြစ်ပွားနေပြီး နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် အဖြစ်များဆုံးဖြစ်ကြောင်း၊ ဆေးရုံများအပြင် ကုသရေး စင်တာများ ဖွင့်လှစ်၍ ကြပ်မတ်ကုသမှုပေးနေကြောင်း၊ ကုသရေးလုပ်ငန်းတွင် အရေးတကြီးလိုအပ် နေသည်မှာ Oxygen ပင်ဖြစ်ကြောင်း၊ ဘားအံပြည်သူ့ ဆေးရုံနှင့် မြဝတီပြည်သူ့ဆေးရုံတို့တွင် တစ်ပြိုင်နက် လူ ၂၀ ပေးနိုင်သည့် Oxygen Plant ကို တပ်ဆင်ထားပြီး လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ Oxygen Plant နှင့် ဆလင်ဒါအိုးများအား မှာယူထားပြီး မကြာမီ ရောက်ရှိလာ မည်ဖြစ်ကြောင်း၊ ရောက်ရှိလာပါက လိုအပ်သည့် နေရာများသို့ ဖြန့်ခွဲပေးသွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အလှူငွေများ လာရောက်လှူဒါန်းပေးသည့်အတွက် အထူးကျေးဇူးတင် ရှိပါကြောင်း၊ Oxygen Plant ရရှိလာပါက ကုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံ (ကိုဗစ်ကုသရေးစင်တာ)တွင် ထားရှိပေးသွားမည် ဖြစ်ပြီး ပိုလျှံပါက ပြင်ပသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Steel Stone Co.,Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့မှ လှူဒါန်းငွေ သိန်း(၁၅၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ လှူဒါန်းပေးသည့် Steel Stone Co.,Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့ ကိုယ်စား ကရင်ပြည်နယ် နယ်ခြား စောင့်တပ်၊ အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်က အလှူငွေ များ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် Steel Stone Co.,Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့သည် ဘားအံမြို့ ကုတင်(၂၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံတွင် ကုသရေလုပ်ငန်း များ ဆောင်ရွက်ပေးနေသော တပ်မှူးနှင့် ပါရဂူများ၊ အထူးကု ဆရာဝန်များ၊ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း(၃၀)နှင့် ပါးစပ်နှင့် နှာခေါင်းစည်း Mask များ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်များကို ပေးအပ်လှူဒါန်းခဲ့ သည်။
အလားတူ ပြည်နယ်ပြည်သူ့ဆေးရုံ(ဘားအံ)သို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေသော ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြု များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၂၀)ကို လည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း