ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နှင့် Quarantine Centerများ ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မက်မန်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့် Quarantine Centerများ ထားရှိခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာခြင်းကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးရဲထွန်းလင်း၊ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ဒေါက်တာအောင်ကိုဝင်း နှင့် တာဝန်ရှိသူများသည် မက်မန်း-မိုင်းပျဉ်း နယ်စပ်ဂိတ် ဖြစ်သည့် တာကော်လေးဂိတ် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုအား သွားရောက် စစ်ဆေးခဲ့ကြပြီး တာဝန်ကျ ဆရာ/ဆရာမများ၊ ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့် လုံခြုံရေးဝန်ထမ်းများအား ယခု ရောဂါပိုးသည် ကူးစက်မှုပိုမိုမြန်ဆန်ကြောင်း ၊ ကူးစက်မှု မြှင့်မားလာသည့်အတွက် ပြည်သူလူထုအတွင်း ကူးစက်မှုနှုန်း ထိန်းချုပ်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်သည့်အတွက် စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးကြပါသော တာဝန်သိပြည်သူများအား လိုအပ်သည့် လမ်းညွှန်ချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ဆက်လက်ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မက်မန်းမြို့နယ် ဆွတ်ဝိုးတိုက်နယ်ဆေးရုံ Quarantine Center (၁၀)ဦးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအား သွားရောက်စစ်ဆေးခဲ့ကြပြီး လိုအပ်ချက် များအား တာဝန်ရှိဆရာ/ဆရာမများကို ဆွေး‌နွေးမှာကြားခဲ့ကြောင်း သိရသည်။

ပန်းကျင်