မိတ္ထီလာတွင် တစ်နေ့လျှင် အောက်စီဂျင် ၄ဝ လီတာအိုး ၁၂၀အိုး ဖြည့်တင်းပေးနိုင်မည့် အောက်စီဂျင်စက်ရုံစတင်ဆောက်လုပ်လျက်ရှိ

မိတ္ထီလာ  ဇူလိုင် ၁၈

မိတ္ထီလာတွင် တစ်နေ့လျှင် အောက်စီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုး ဖြည့်တင်းပေးနိုင်မည့် အောက်စီဂျင်စက်ရုံကို အောင်ဇေယျာရပ်ကွက် မြို့ဦးကျောင်းတိုက်တောင်ဘက်ရှိ မြေနေရာတွင် စတင်ဆောက်လုပ်လျက်ရှိကြောင်း မိတ္ထီလာမြို့ဦးဆောင်စေတနာရှင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မနေ့က  စက်ရုံအဆောက်အအုံမြေနေရာ ပန္နက်တင်မင်္ဂလာကျင်းပပြီး စက်ရုံကို အားချင်းဆောက်လုပ်နေတာဖြစ်ပါတယ်။ စက်ရုံဆောက်လုပ်ပြီးစီးလို့ စက်တပ်ဆင်ပြီးရင် တစ်နေ့ကို အောက်စီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုးဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ စက်ရုံမြေနေရာအတွင်းမှာ အောက်စီဂျင်ထုတ်လုပ်တဲ့ စက်ထားရှိမယ့် အဆောက်အအုံနဲ့ စက်ရုံဝန်ထမ်းထားရှိမယ့် ဝန်ထမ်းနေအိမ် ဆောက်လုပ်ခြင်း၊ အဝီစိတွင်းတူးဖော်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာအိုးထားရှိမယ့်နေရာ တည်ဆောက်ခြင်းတွေကို တပြိုင်တည်း ဆောင်ရွက်နေတာပါ။ အဲဒီလုပ်ငန်းတွေ  အားလုံးအတွက် ငွေကျပ်သိန်း ၂၅ဝဝ လျာထား ခန့်မှန်းပေမယ့် ကုန်ဈေးနှုန်းအခြေအနေနဲ့ လုပ်ငန်းအနေအထားအရ အဲဒီထက်မက ကုန်ကျနိုင်ပါတယ်ဟု အဆိုပါဦးဆောင်စေတနာရှင်များအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုဗစ်၁၉ ရောဂါ ဒုတိယလှိုင်းကာလတွင် ဒေသခံစေတနာရှင်အလှူရှင်များ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည့် လှူဒါန်းငွေများဖြင့်အဆိုပါစက်ရုံကို ဆောက်လုပ်ခြင်း ဖြစ်သည်။

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း အောက်စီဂျင်အရေးပေါ်လိုအပ်သည့်လူနာများအား အောက်စီဂျင် လွယ်လင့်တကူရရှိနိုင်ရေးအတွက် အဆိုပါ အောက်စီဂျင်စက်ရုံအား ဒေသတာဝန်ရှိသူများ၊ ဦးဆောင်စေတနာရှင်များအဖွဲ့နှင့် မြို့မိ မြို့ဖများ ပူးပေါင်း ညှိနှိုင်းဆုံးဖြတ်ပြီး  ဆောက်လုပ်ခြင်းဖြစ်သည်။

ယင်းအောက်စီဂျင်စက်ရုံမှ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များအပြင် အနီးပတ်ဝန်းကျင်ရှိပျော်ဘွယ်၊ တောင်သာ စသည့်မြို့များသို့လည်း လိုအပ်သည့် အောက်စီဂျင်အိုးများအတွက် အောက်စီဂျင်ဖြည့်တင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ အဆိုပါ စက်ရုံအား လာမည့် ဩဂုတ်လကုန်ပိုင်းအချိန်တွင် ဆောက်လုပ်ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။  

ချမ်းသာ