မိုင်းယောင်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား အမှတ်(၇)ရပ်ကွက်မှ ဦးထွန်းညို မိသားစုက ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ယနေ့နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ယင်းသို့ထောက်ပံ့ပေးရာတွင် မီးဘေးသင့်အိမ်ထောင်စု ငါးစုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ ကျပ်ငါးသောင်းစီနှင့် အဝတ်အထည်များကို မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မီးဘေးသင့်ပြည်သူများကို ဇူလိုင် ၁၆ ရက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တစ်ကြိမ်၊ ဇူလိုင် ၁၇ ရက်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော်က တစ်ကြိမ် ထောက်ပံ့ငွေနှင့် မီးဘေးကယ်ဆယ်ရေး ပစ္စည်းတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း