ညောင်ဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာ၊ သပြေကန်တဲတိုက်သို့ ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။
အဆိုပါ ခွေးပြုတ်ကျေးရွာ၊ သပြေကန်တဲတိုက်သည် အိမ်ခြေ ၄၇ အိမ်၊ လူဦးရေ ၂၀၀ကျော် နေထိုင်သည့် တဲတိုက်ဖြစ်ကာ စက်ရေတွင်းမရှိသည့် တဲတိုက်ဖြစ်ကြောင်း ဦးဝင်းမင်းထွန်းက ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ကျော်ရှိပြီး အလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေ လှောင်ကန်များ ရေဝင်ရောက်ပါက ထိုကန်များမှ ရေကိုသုံးစွဲကြပြီး မိုးခေါင်သည့်နှစ်များတွင် သောက်သုံးရေ အင်မတန်ရှားပါးကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်း ရပ်ဝန်းဒေသတွင်ပါဝင်ကာ တနှစ်ပတ်လုံးနေမှ မိုးရေချိန် ၂၀လက်မအောက်သာ ရွာသွန်း လေ့ရှိခြင်းကြောင့် မြေသားသောက်သုံးရေကန်များ ရေဝင်ရေပြည့်လျှင် ကျေးရွာသူကျေးရွာသားများ အင်မတန်ပျော်ကြကြောင်း သပြေကန်တဲတိုက်မှ ထန်းတောင်သူဦးစိုးမင်းက ရှင်းပြ၍သိရပြီး ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့်ချိတ်ဆက်၍ သောက်သုံးရေ လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ကိုထိန်၊ KPD