မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူအသစ် ၃၇ ဦးတွေ့ရှိ

မြဝတီ ဇူလိုင် ၁၈

မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူအသစ် ၃၇ ဦးတွေ့ရှိပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူးကြပ်မတ် ကုသရန်လိုအပ်သည့် လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင်  ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ အသစ် ကျား ၂၄ ဦး၊ မ ၁၃ ဦး၊ စုစုပေါင်း ၃၇ ဦး တွေ့ရှိကာ သေဆုံးသူ ၂ ဦးရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၇၁ ဦး၊ မ ၂၁၂ ဦး၊ စုစုပေါင်း ၄၈၃ ဦးကို   လက်ရှိ ကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း ဇူလိုင် ၁၇ ရက်နေ့အထိ စာရင်းများအရ သိရသည်။

ထိုသို့ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များ အားလုံး ဆိုင်ထိုင်စား သောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေး လျက်ရှိပြီး အခြေခံပညာကျောင်းများပါ နှစ်ပတ် ပိတ်ထား လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်