ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

မန္တလေး ဇူလိုင် ၁၈

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုသည် ၂၀၂၁ ခုနှစ် ဇွန်လလယ်မှစတင်၍ တဖြည်းဖြည်း မြင့်တက်လာရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ စုစုပေါင်း(၁၁၃၅)ဦး၊ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၉၂၂)ဦးရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအဖြစ် ကိုဗစ်-၁၉ရောဂါနှင့် သက်ဆိုင်သည့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ပြည်ပ ပြန်များအား Quartineထားရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုသူများနှင့် ထိတွေ့သူ (Contact)များ ရှာဖွေဖော်ထုတ်၍ သီးခြားထားရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား ရောဂါပြင်းထန်မှု အဆင့်အတန်းများ ခွဲခြား၍ သက်ဆိုင်ရာ ဆေးရုံများနှင့် ကုသရေးဌာနများသို့ လွှဲပို့ပေးကုသခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့် သွားရောက် တွေ့ဆုံ မေးမြန်းထားမှု ရေးသားလိုက်ပါသည်။

အမေး။လက်ရှိမှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ရောဂါနဲ့ ဆေးရုံတက်နေသူ ဘယ်လောက် ရှိပါသလဲ။ သေဆုံးသူ ဘယ်လောက်ရှိပါသလဲ။ သေဆုံးသူတွေထဲမှာ ဘယ်အသက်ရွယ်တွေ အများဆုံးဖြစ်ပါသလဲ။ ဆေးရုံဆင်းရတဲ့သူရော ဘယ်လောက်ရှိပါသလဲရှင့်။

အဖြေ။မန္တလေးဆေးရုံကြီးမှာ လူနာ ၃၀၀ လောက် နလန်ထပါတွက်မယ်ဆိုရင် ၃၆၀ကျော်လောက်ထိ လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ  ဆေးရုံကြီးမှာ အောက်ဆီဂျင်ပေးပြီး အထူးဂရုစိုက်ရမယ့် လူနာကိုသာ လက်ခံတာဖြစ်တဲ့အတွက် အောက်ဆီဂျင်ပေးနိုင်တဲ့ အကန့်သတ်ရှိပါတယ်။ လက်ရှိအနေအထားမှာတော့ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကိုတော့ အောက်ဆီဂျင်ကို ကြိုးစားပြီး အမြင့်ဆုံးအနေအထားနဲ့ ပေးနေနိုင်ပါတယ်။ ပြီးတော့ ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံကြီးမှာက အသက်လုရတဲ့ လူနာတွေ လက်ခံရတာ  ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံမှာရှိတဲ့လူနာထဲက အယောက်တစ်ရာမှ အယောက် နှစ်ဆယ် ဝန်းကျင်လောက်က အဖိတ်အစင်ရှိနေပါတယ်။ သေဆုံးတဲ့လူနာအများစုက အသက် ၄၀နဲ့ အသက် ၅၀ အထက်တွေဖြစ်ပြီး ဒီလူနာအများစုက ကိုဗစ်နဲ့အတူ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရော စတဲ့ရောဂါခံတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ အယောက် ၁၀၀ မှာ အယောက် ၈၀ လောက်ကတော့ ရောဂါသက်သာ ပျောက်ကင်းပြီး ဆေးရုံဆင်းရတဲ့သူတွေ ဖြစ်ပါတယ်။

အမေး။အခုတလော ကိုဗစ်-၁၉ရောဂါကူးစက်မှုက မြင့်တက်နေတာဆိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီး အနေနဲ့ ဘယ်လိုအခက်ခဲတွေနဲ့ တွေ့ကြုံနေရပါသလဲ။ ဆရာကြီးအနေနဲ့ ပြည်သူတွေ သိအောင် ဘာတွေ မေတ္တာရပ်ခံချင်ပါသလဲရှင့်။

အဖြေ။ကိုဗစ်လူနာတစ်ယောက်က အခြေနေဆိုးလာပြီဆိုရင် တစ်နေ့ကို အောက်ဆီဂျင် ဆလင်ဒါ ၄၀ လီတာခေါ်တဲ့ အောက်ဆီဂျင် ဆလင်ဒါအကြီး တစ်နေ့ကို လူနာတစ်ယောက်ကို ၁၅ လုံးကနေ အလုံး ၂၀ ကြား ရှူကြရပါတယ်။ ဒါက HDU Levelပါ။ ICU Level ကျတော့ အောက်ဆီဂျင် ၂၆လုံးထိ ပေးရတာတွေရှိတယ်။ လက်ရှိအနေအထားမှာက ဆေးရုံတက်လာတဲ့ လူနာတိုင်းက မဖြစ်မနေ ပေးရတာဖြစ်တဲ့အတွက် ဆေးရုံကြီးမှာ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကိုတော့ အောက်ဆီဂျင်ကို ကြိုးစားပြီး အမြင့်ဆုံးအနေအထားနဲ့ ပေးနေနိုင်တဲ့ သဘောရှိပါတယ်။ အဲထက်ပိုလာမယ်ဆိုရင်တော့ အောက်ဆီဂျင်အခက်ခဲဖြစ်တဲ့ အနေအထားတစ်ခုနဲ့ ကြုံလာနိုင်ဖွယ်ရှိပါတယ်။ ဒါကိုလည်း ပြေလည်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ မကြာခင် ပြေလည်ဖို့ မျှော်လင့်တယ်။ ဒီကြားထဲ အချိန်လေးမှာ ဆရာတို့က ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဆေးရုံကိုလာတယ်။ အောက်ဆီဂျင် ချက်ချင်းမရလို့ စောင့်ရတဲ့ အခိုက်တန့်လေးတွေကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လက်ခံပြီးသား လူနာကို သူ့အောက်ဆီဂျင်လျော့ပြီး တခြားသူပေးဖို့ မဖြစ်တဲ့အတွက် တတ်နိုင် သလောက်တော့ လူနာတိုင်း လက်ခံပေးနိုင်အောင် ကြိုးစားနေပါတယ်။

အမေး။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမလာနိုင်တာဖြစ်ဖြစ်၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူတွေ များလာလို့ ဆေးရုံတွေ ပြည့်နေလို့ ဆေးရုံချက်ချင်းမတက်နိုင်တာဘဲ ဖြစ်ဖြစ် အဲလိုအခြေနေတွေ ဖြစ်ခဲ့မယ်ဆိုရင် အိမ်မှာ ဘယ်လိုနေထိုင်ပြီး ကုသသင့်သလဲရှင့်။

အဖြေ။ ကိုဗစ်-၁၉ရောဂါ ဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ဆေးရုံတွေ ဆေးခန်းတွေ မသွားနိုင်တာဘဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ဆေးရုံပြည့်နေလို့ ချက်ချင်းမရတာဘဲ ဖြစ်ဖြစ် အဲလိုအခြေနေတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ အကြံပေးချင်တာက လူနာရဲ့ အခြေနေက အနံ့ပျောက်ပြီး ပိုးတွေ့တယ်။ သို့သော် လူကောင်းလို နေနိုင်မယ်ဆိုရင် အိမ်မှာ သီးခြားအခန်းနဲ့ နေပေးပါ။ လူနာရဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကိုလည်း မရောစပ်ဖို့ မိသားစုတွေကလည်း Social Distancing သတ်မှတ် အနေအထားလေးမှာ နေပေးဖို့ Maskကို စနစ်တကျတပ်မယ်။ လက်ကိုလည်း စနစ်တကျ ဆေးရမယ်။ နောက်တစ်ခုက အိပ်ရေး၀၀အိပ်ရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားရမယ်။  အဲလိုလေးတွေ နေထိုင်သွားမယ် ဆိုရင်တော့ ရောဂါကူးစက်မှုနှုန်းက သိသိသာသာ ကျသွားမှာပါ။

အမေး။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ရောဂါရဲ့ လက္ခဏာပုံစံနဲ့ ရောဂါပိုးအခြေနေလေး ပြောပြပေးပါရှင့်။ ပြီးတော့အခု ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားတဲ့သူ အများစုက အသက်ရှူမဝတဲ့ ဝေဒနာတွေ ခံစားနေရတာဆိုတော့ လူတစ်ယောက်ရဲ့ အောက်ဆီဂျင် Levelက ဘယ်လောက်ရှိသင့် ပါသလဲရှင့်။

အဖြေ။ ဒီတစ်ခေါက်ဖြစ်တဲ့ ကိုဗစ်-၁၉ရောဂါပိုးက ပထမလိုင်း ဒုတိယလိုင်း ဖြတ်သန်းစဉ်ကထက် ဝေဒနာပိုပြီးပြင်းထန်ပါတယ်။ တကယ်လို့ ကိုဗစ်-၁၉ရောဂါဖြစ်လာရင် သို့မဟုတ် ကိုဗစ်-၁၉ရောဂါ ဖြစ်တဲ့သူနဲ့ ထိစပ်မှုဖြစ်လာရင် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရမယ်။ ဒါမှမဟုတ် အနံ့ပျောက်တယ်။ ကိုယ်လက်မအီမသာတွေဖြစ်လာတယ်။ ဒါတွေက ကိုဗစ်-၁၉ ရောဂါတွေရဲ့ လက္ခဏာတွေပါ။ အခုကလည်း ရာသီတုတ်ကွေးကာလဆိုတော့ ရာသီတုတ်ကွေး လက္ခဏာဆင်ဆင်တွေလည်း ဖြစ်တတ် ပါတယ်။ ဒါပေမယ့် ပုံမှန်တုတ်ကွေး ခံစားရတာနဲ့ မတူဘူး။ ပိုပြီးပင်ပန်းတယ်။ ပိုပြီးအားကုန်လာ တတ်ပါတယ်။ အခုရက်ပိုင်းတွေဆိုရင် နည်းနည်းဝမ်းလျောတာတွေပါ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်လာတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။

ပြီးတော့ လောလောဆယ် ကိုဗစ်က နာမည်ဆိုးနဲ့ ကျော်နေတာကတော့ အောက်ဆီဂျင်ကိုဗစ် နယူမိုးနီးယား (ကိုဗစ်အဆုတ်ရောင်ရောဂါ)ပါ။ အခုလက်ရှိ ကိုဗစ်-၁၉ လူနာတော်တော်များများ ခံစားနေရတာက အသက်ရှူမဝတဲ့ ဝေဒနာခံစားနေရပေါတယ်။ အဲတော့ အောက်ဆီဂျင်က ၉၂ ရာခိုင်နှုန်းအောက်ကျပြီဆိုရင် ဆရာတို့ ဆေးရုံကြီးမှာဆိုရင်တော့ အောက်ဆီဂျင်စပေးပါတယ်။ အောက်စီဂျင်က ကျလာလေလေ ခန္ဓာကိုယ်က အင်္ဂါတွေကို ထိခိုက်လေလေဖြစ်တဲ့အတွက်ကြောင့် အောက်ဆီဂျင်က ၉၅ ရာခိုင်နှုန်းရဲ့ အထက်ရှိနေရင်တော့ အကောင်းဆုံးပါ။ သို့သော် ၉၂နဲ့ ၉၅ကြား ဆိုရင်တော့ သာမာန်ပါ။

အမေး။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဘယ်လိုနေထိုင်သင့်တယ် ဆိုတာလေးကို ပြည်သူတွေ သိအောင် အကြံပြုပေးပါအုံးရှင့်။

အဖြေ။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ လက်စနစ်တကျဆေး၊ စနစ်တကျ Maskတပ်၊ Social Distancing  တစ်ဦးနဲ့တစ်ဦး ၆ပေအကွာနေထိုင် အဲဒါတွေကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီနေရာမှာ Mask တပ်တာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တာက Maskကို စနစ်တကျတပ်ဖို့ လိုသလို လူနှစ်ဦး တွေ့ဆုံတဲ့နေရာမှာ တစ်ယောက်က Maskတပ်ပြီး တစ်ယောက်က Mask မတပ်ဘူး ဆိုရင်လည်း ရောဂါကာကွယ်ရာမှာ မထိရောက်ပါဘူး။ နှစ်ဦးနှစ်ဖက်လုံး တပ်မှသာလျှင် ရောဂါ ကာကွယ်တာက ထိရောက်တာဖြစ်ပါတယ်။ Mask တပ်တဲ့သူက တပ်၊ Mask မတပ်တဲ့သူက မတပ်ဆိုရင် ရောဂါကွယ်တာ မထိရောက်ဘူးလို့ ဆရာက ထောက်ပြပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ New Living Style လူနေမှုပုံစံအသစ်နဲ့ နေမှလည်း အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ အခုဆို သက်ကြီးရွယ်အိုတွေ ကိုဗစ်-၁၉ရောဂါဖြစ်ပြီး သေဆုံးတာတွေ ရှိနေပါတယ်။ သူတို့က အပြင်မသွားဘဲပေမယ့် သူ့မိသားစုတွေက ကိုဗစ်-၁၉ ပိုးသယ်လာတာ ရှိပါတယ်။ မိသားစုဝင်တွေက ကျန်းမာသန်စွမ်းတဲ့အခါကျတော့ သူတို့မှာ ပိုးရှိသော်လည်း ရောဂါဝေဒနာခံစားရတာ မသိလိုက်ဘဲနဲ့ သာမန်လူကောင်းလို ရောဂါပျောက်သွားနိုင်တဲ့တွေလည်း အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေထဲမှာ အားလုံးသည် ကူးစက်ခံထားရတယ်လို့ အမြင်မျိုးနဲ့ ကိုယ်ကလည်း သူများကို ကိုဗစ်-၁၉ရောဂါ ကူးသွားနိုင်သလို သူများကလည်း ကိုဗစ်-၁၉ရောဂါ ကူးသွားနိုင်တယ်လို့ အမြင်မျိုးနဲ့ဘဲ New Normal Living Style လူနေမှုပုံစံအသစ်နဲ့ ပြောဆို ဆက်ဆံကြမှသာ အပြန်အလှန်စိတ်ချပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်တွင် ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအနေဖြင့် ရောဂါပိုး ရှိ၊မရှိကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်ဌာနတွင် လည်းကောင်း၊ နဒီမြန်မာ Test Centreတွင် လည်းကောင်း၊  မြို့တော်ဆေးရုံတွင် လည်းကောင်း စစ်ဆေးနိုင်ပြီး ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့သူများအား ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (ကန်တော်ကြီး)တွင် Quarantine ထားရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပေး နေသည့်အပြင် လက်ရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားကူးစက်မှု မြန်ဆန်များပြားလာပါသဖြင့် ကိုဗစ်-၁၉ ကုသဆေးဌာန ( တီဘီဆေးရုံ၊ အထက်မြန်မာပြည်)နှင့် ကိုဗစ်-၁၉ ကုသရေးဆေးရုံ (ခုတင် (၃၀၀) သင်ကြားရေး ဆေးရုံကြီး)၊ ကိုဗစ်-၁၉ ကုသရေးဌာန(အမရပူရ)များတွင် ကိုဗစ်-၁၉ အတည်ပြု လူနာများမှ ရောဂါအဆင့် သာမာန်(Mild)၊ အလယ်လတ်(Moderate)များ လက်ခံကုသနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါပိုးရှိပြီး ရောဂါလက္ခဏာပြသခြင်းမရှိသူများ (Positive Asymptomatic)၊  အနံပျောက်လက္ခဏာ ခံစားရသူများ (Anosmia)ကို ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက သိရသည်။

ထိပ်ထားနိုင်