မဘိမ်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့သည့် အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်၌ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆေးရုံမှဆင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းဆေးရုံဆင်းရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇေမောင်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများ အဖွဲ့တို့ သွားရောက်ပြီး အိမ်ပြန်နေထိုင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါဆေးရုံဆင်းခွင့်ရသူ အမျိုးသမီးတစ်ဦးမှာ ဘဟဲကျေးရွာမှဖြစ်ကာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ Ambulance ယာဉ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာပေါင်း (၅၈)ဦး ရှိသည့် အနက် ယနေ့တွင် အမျိုးသမီးတစ်ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ လက်ရှိ၌ အတည်ပြုလူနာ (၅၇)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
မျိုးမင်း