ကော့သောင်း ဇူလိုင်၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားမည့်သူများ၊ ပိုးတွေ့သူနှင့်ထိတွေ့သူများ၊ ခရီးမှပြန်လာ သူများ၊ အသွားလာကန့်သတ်ထားသော သင်္ဘောသားများအား Rapid Diagnostic Antigen Test Kid( RDT ) စစ်ဆေးချက်အရ လူ(၂၂) ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဌာနမှ ဇူလိုင်လ ၁၆ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရသိရသည်။
တကျော့ပြန် ကူးစက်မှုများပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်၁၉ရောဂါ ကူးစက်မှုတွင် ကော့သောင်းမြို့နယ် အတွင်းပြည်တွင်း ကူးစက်မှုအသွင်ဖြင့် နေ့စဉ်နီးပါး ရောဂါပိုးတွေ့ရှိသူများ ပေါ်ထွက်လျှက်ရှိရာ ယနေ့ စစ်ဆေးတွေ့ရှိချက်အရ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ မလိဝမ်းကျေးရွာမှ(၂)ဦး၊ ရွှေဟင်္သာ ရပ်ကွက်မှ(၅)ဦး၊ အောင်သုခရပ်ကွက်မှ(၁)ဦး၊ ပိတောက်ရွှေဝါ ရပ်ကွက်မှ(၁)ဦး၊ အေးမြကန်သာရပ်ကွက်မှ (၃)ဦး၊ လေးမိုင်ရပ်ကွက်မှ(၂)ဦး၊ ရွှေဇင်ယော်ရပ်ကွက်မှ(၃)ဦး၊ အသွားလာကန့်သတ်ထားသော သင်္ဘောသား(၁)ဦး စုစုပေါင်း(၂၂) ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့လူနာတင် ယာဉ်များဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဌာန၏ သတ်မှတ်ဖွင့်လှစ်ထားသည့် အရေးပေါ် ကုသရေး ယာယီဆေး ကုသဆောင်(၃)ခုသို့ ရွေ့ပြောင်းကာ ဆေးဝါးကုသမှု ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ များ၏ နေအိမ်နှင့်မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ လော့ဒေါင်းထားရှိခြင်း လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကူညီပူးပေါင်းပါဝင် ပေးကြရန် ဒေသတာဝန်ရှိ အဖွဲ့အစည်းများက မြို့အနှံ့စဉ်ဆက်မပြတ်နှိုးဆော်အသိပေးမှုများ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ဇူလိုင်လ၁၆ရက်နေ့ ခရိုင်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက် စာရင်းအရ ရောဂါပိုးတွေ့ရှိကာ ဆေးကုသမှုခံယူနေသူ (၅)ဦးရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး ဆေးကုသမှု ဆက်လက်ခံယူ နေသူစုစုပေါင်း(၇၅)ဦးရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)