ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့်ကျင်းပ

ဘားအံ ဇူလိုင် ၁၇
 
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၄/၂၀၂၁)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက ကမ္ဘာနှင့် အဝှမ်း ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင် ရန် ယခုကဲ့သို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ရောဂါဖြစ်ပွားမှု အခြေအနေများမှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၈၄ ဦးရှိခဲ့ပြီး ဆေးရုံဆင်းသူ ၂၈၉၈ ဦးရှိကာ သေဆုံးသူ ၁၀၁ ဦး ရှိခဲ့ ကြောင်း၊ ယနေ့ထိ ဆေးရုံများတွင်အထူးကြပ်မတ်ကုသမှုခံယူနေရဆဲ ပိုးတွေ့အတည်ပြုလူနာ ၉၄၅ ဦး ရှိနေသေးကြောင်း၊ ထို့အတွက်ကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် ၂ ဒသမ ၅၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ပိုးတွေ့ လူနာများမှာ မြင့်တက်နေဆဲဘဲဖြစ်ပြီး လျော့ကျခြင်း မရှိသည့်အတွက်ကြောင့် ကော်မတီ အနေဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အားကြိုးမာန်တ က်ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်းများ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်များကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ မိမိက စကာကွယ်ပါဆိုသည့် အပိုင်းကို အားလုံးလိုက်နာနိုင်မှ သာလျှင် ကာကွယ်သည့်အပိုင်းကို ထိရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိန်းချုပ် နိုင်ဖို့ အတွက် မြို့များ၊ ဈေးများတွင် ဆေးဆိုင်များ၊ စားသောက် ကုန်ရောင်းချသည့် ဆိုင်များမှလွဲ၍ကျန်သည့် ဆိုင်များပိတ်ထားခိုင်းပြီး သက်ဆိုင်ရာ မှ ဝိုင်းဝန်းကြပ်မတ်ပေးဖို့လိုကြောင်း၊ ယာဉ်သွားလာမှုနှင့် ပတ်သက်ပြီး ခရီးသည် ယာဉ်သွား လာမှု ကိုပိတ်ခိုင်းထားပြီး ကုန်တင်ယာဉ်သာလျှင်သွားလာခွင့်ပြုထားကြောင်း၊ မြဝတီကုန်သွယ်ရေး လမ်းကြောင်းကိုမူ နဂိုအတိုင်းဆက်လက် ဖွင့်ထားပေးဆဲဖြစ်ကြောင်း၊ အောက်စီဂျင်များအား ဝယ်ယူ စုဆောင်းထားခြင်းများကြောင့် ဈေးကွက်တွင် အောက်စီဂျင် ပြတ်လပ်မှုများရှိနေပြီး အောက်စီဂျင် သုံးစွဲမှုမှားယွင်းသည့် အတွက် သေဆုံးမှုများလည်း ရှိနေကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နားလည် သဘောပေါက်အောင် အသိပညာပေးဖို့လိုကြောင်း၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးများတွင် Oxygen Plant နှစ်လုံးဖြင့် ဆေးရုံတက်ရောက် ကုသနေသူများကို အောက်စီဂျင်ပေးနေပြီး မြဝတီမြို့တွင်မူ အောက်စီဂျင် လိုအပ်မှု အနည်းငယ်ရှိကြောင်း၊ mobile Oxygen Plant ကားနှစ်စီးကို မှာယူထားပြီး နောက်လလယ်ခန့်တွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ထို့အပြင် တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၃၀၀ ခန့် ထုတ်ပေးနိုင်သည့် Oxygen Plant ကိုလည်း မှာယူ ထားကြောင်း၊ ၎င်းအတွက် ဘားအံမြို့ သူမြို့သားများအပါအဝင် ပါဝင်လှူဒါန်းပေးသူများကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း၊ အောက်စီဂျင် အိုးများရရှိလာပါက လိုအပ်သည့်နေရာများသို့ ချက်ခြင်းဖြန့်ခွဲပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့် တွင် လည်း လူမှုအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းထားပြီး Volenteers စေတနာ့ လုပ်အားရှင်များ လိုအပ် လျက်ရှိရာ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ရောဂါထပ်မံကူးစက်မှုမရှိအောင် ပိုမိုသတိထားဖို့လိုပြီး ဆင့်ကဲဆင့်ကဲ ရောဂါ ပျံ့ပွားမှုမရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရပ်ကွက်၊ကျေးရွာ အဆင့်ထိ အားလုံး တင်းတင်းကြပ်ကြပ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း ပြောကြားသည်။
ထို့နောက် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး က အောက်စီဂျင်အိုးများ အရန်ထားရှိပေးသွားနိုင်ရေး၊ Volenteer များကို Positive Center များတွင် တာဝန်ချထားပေးနိုင်ရေးနှင့် PPE ဝတ်ဆင်နည်း ကဲ့သို့သော ကာကွယ်ရေးနည်းလမ်းများကို သင်တန်းပေးနိုင်ရေး၊ ရောက်ရှိလာ မည့် ကာကွယ်ဆေးများကို တပြိုင်နက်ထိုးနှံပေးသွားနိုင်ရေးတို့ကို တင်ပြ ဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ရုံးပိတ်ရက်ရှည် ၉ ရက်တွင် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ထိထိမိမိ ကြပ်မတ်တားဆီး ပေးသွားနိုင်ရေး၊ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်အလိုက် မလိုအပ်သည့် ဈေးဆိုင်ခန်းများ ပိတ်စေပြီး ၉ ရက်အတွင်း ကာကွယ်တားဆီး ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်ပေးသွားနိုင်ရေးနှင့် ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်လာသော ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ အောက်စီဂျင်လို အပ်ချက်များ၊ လူစုလူဝေး မဖြစ်ပေါ်စေရေး တားဆီးစစ်ဆေးမှုဆောင်ရွက်ချက်များကို ဆွေးနွေး တင်ပြခဲ့ ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်ချက် များကို အချိန်နှင့်တပြေးညီ ဆက်သွယ်တင်ပြပေးကြရန်နှင့် အမျိုးသားရေးဖြစ်သည့်အတွက် ကိုဗစ်ကိစ္စကို ဦးစား ပေး ဆောင်ရွက်ကြရန် မှာကြား၍ နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း