မြဝတီ ဇူလိုင် ၁၇
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၂ ဦးတွေ့ ရှိပြီး သေဆုံးသူ ၃ ဦး ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာ နှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေး လျက်ရှိကာ အထူးကြပ်မတ်ကုသရန် လိုအပ်သည့်လူနာများအား မြဝတီခရိုင် ပြည်သူ့ ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ် ကျား ၁၈ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၃၂ ဦး တွေ့ရှိကာ တစ်နေ့တည်း သေဆုံးသူ ၃ ဦးရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၆၂ ဦး၊ မ ၂၂၁ ဦး၊ စုစုပေါင်း ၄၈၃ ဦးကို လက်ရှိ ကန့်သတ်စောင့်ကြည့် ကုသလျက် ရှိကြောင်း ဇူလိုင် ၁၆ ရက်နေ့အထိ စာရင်းများအရသိရသည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးလျက်ရှိပြီး အခြေခံပညာကျောင်းများပါ နှစ်ပတ် ပိတ်ထား လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာ ခဲ့ကြောင်းသိရသည်။
ထိန်လင်းအောင်