ဖာပွန် ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများ ဆေးကုသပေးနေမှု အခြေအနေများအား ခရိုင်ပြည်သူ့ဆေးရုံတာဝန်ခံ သူနာပြုဆရာမကြီး ဒေါ်လှလှသီက ယခု လိုပြောပြခဲ့ ပါသည်။
"ကျွန်မတို့ ဖာပွန်မြို့မှာ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၃၈)ဦးရှိပြီးတော့ ဆေးရုံဆင်းသူ(၁၁)ဦးရှိပါတယ်။ သေဆုံးသူကတော့မရှိပါဘူး။ ကျွန်မတို့မြို့ကကျဉ်းတယ်ဆိုတော့ ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကို အလေးထားလိုက်နာကြဖို့လိုအပ်ပါတယ်။ ပိုးတွေ့ရှိတဲ့လူနာတွေကိုတော့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ (Quarantine Centre)မှာ သီးသန့်ထားပါတယ်။ ပိုးတွေ့လူနာတွေကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ကုသရေးလမ်းညွှန်ချက်များနှင့် အညီ ကုသပေးလျက်ရှိတယ်။ အကယ်၍ အရေးပေါ်လူနာတွေရှိရင်လည်း ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးမယ်ဆိုရင် ပြည်နယ် ကျန်းမာရေးတာဝန်ခံကို ချိတ်ဆက်ပြီးမှ လွှဲပြောင်းပေးပါတယ်။ မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနဲ့ လူမှုရေးအသင်းအဖွဲ့တို့မှ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် ကုသရေးဆိုင်ရာပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကိုလာရောက်လှူဒါန်းပေးတဲ့အတွက် အဆင်ပြေတာ ပေါ့။ ကာကွယ်ဆေးထိုးပြီးသူများလည်း ရောဂါကူးစက်နိုင်ပြီး မိမိကိုယ်မိမိ ရောဂါ သံသယရှိလာပါက မိမိပတ်ဝန်းကျင်ရှိ သက်ဆိုင်ရာဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်၍ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ ရောဂါကူးစက်ခံရပြီး ပြန်လည် ပျောက်ကင်းလာသူအနေဖြင့် မျိုးရိုးဗီဇ ပြောင်းရောဂါပိုး ဖြစ်တဲ့အတွက် ပြန်လည်ကူးစက် နိုင်ပါတယ်"။
နောက်ဆုံးအနေနဲ့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်နဲ့ကြိုတင် ကာကွယ်နိုင်ရေး တို့အတွက် လိုက်နာရမည့်အချက် တွေမှာ မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
စိုင်းကျော်ဝဏ္ဏ