ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

 
ဆီဆိုင် ဇူလိုင် ၁၇
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရွှေသာထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များတို့က လူစည်ကားရာနေရာဖြစ်သော ဆီဆိုင်မြို့မဈေးရှေ့ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စု လမ်းမကြီး ပေါ်၌ ဖြတ်သန်းသွားလာသော မိဘပြည်သူများ၊ မြို့မဈေးအတွင်း/အပြင်နှင့် ယာယီပျံကျဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် စနစ်တကျနှာခေါင်းစည်းတပ်ဆင်ရေး၊ လူစုလူဝေးမပြု လုပ်ပါရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်သွားလာကြရေး၊ လက်ကိုမကြာခဏ ဆေးကြောရန် စသည်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)