မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် တိုင်းဒေသကြီးအတွင်း/အပြင် ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နား

မြိတ် ဇူလိုင် ၁၇
 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော တိုင်းဒေသကြီး အတွင်း/ ပြင်ပ ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ခရီးသည်တင်ပြေးဆွဲခြင်းအား ဇူလိုင်လ(၁၆)ရက် ည(၈)နာရီ အချိန်မှ ရပ်နားထားကြရန် မြိတ်မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီမှ ယာဉ်လိုင်းများအားလုံးကို အသိပေး အကြောင်း ကြားထားကြောင်း သိရသည်။
“ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုအများစုမှာ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ သွားလာနေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များနဲ့ ပြည်သူအချို့ပါဝင်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ စိစစ်တွေ့ ရရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ဇူလိုင်လ(၁၇)ရက်မှစ၍ တိုင်းဒေသကြီးအတွင်း ယာယီ ကန့်သတ် တားမြစ်ထားရန် ညွှန်ကြားလာခဲ့ပါတယ် ” ဟု မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်သူ က ပြောသည်။
ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက် ဖြင့် ခရီးသည်တင်ယာဉ်လိုင်းများအားလုံးကို ယာဉ်လိုင်းပြေး ဆွဲခြင်းအား ရပ်နားထားကြရန်၊ ကုန်တင်ယာဉ်များအားလုံးကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပြေးဆွဲကြရန်နှင့် ခရီးသည် တင်ယာဉ်များအားလုံး သတ်မှတ်ချက်ထက်ကျော်လွန်၍ ရပ်နားထား ခြင်းမရှိဘဲ ပြေးဆွဲနေပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ် ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ယာဉ်လိုင်းများအား အသိပေးအကြောင်းကြားထားသည်။
မြိတ်မြို့သို့ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ခရီးသည်တင် ယာဉ်လိုင်းများ တွင် တိုင်းဒေသကြီး ပြင်ပ မှ ဆိုက်ရောက် ထွက်ခွာယာဉ်လိုင်း(၂၅)လိုင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း(၄၀) လိုင်း စုစုပေါင်း ယာဉ်လိုင်း(၆၅)လိုင်းရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်၊ ရုံးလုပ်ငန်းကိစ္စ၊ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စယာဉ်များကို ယာဉ်ဝင် ထွက်ခွင့်ပြုထားကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေး ဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။
ခိုင်ထူး