မိုင်းယောင်း၌ အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေး

မိုင်းယောင်း ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပခဲ့သည်။

 

 

ဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလဖြစ် တဲ့အတွက် အသိပညာပေး Talk Show ကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် အာဇာနည်နေ့အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်နှင့် ရုပ်သံကျွမ်းကျင်(၃) ဦးအားချာတို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီးဌာနများနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှု သမိုင်းဖြစ်စဉ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဇူလိုင်လ ၁၉ ရက်နေ့က မသမာသူ လူတစ်စုတို့၏ ရက်စက်စွာလုပ်ကြံခဲ့မှုအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် ခက်ခဲပင်ပန်းစွာ ရယူကြိုးပမ်းရာ၌ အမည်တွင်ခဲ့သည့် အမည်များအကြောင်း၊ လူငယ်များ စံနမူနာယူထိုက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ စိတ်ဓါတ်နှင့် ခံယူချက်အကြောင်း၊ အာဇာနည်နေ့ကို လူငယ်များ အနေဖြင့် အဘယ့်ကြောင့် အောက်မေ့အမှတ်ရနေသင့်သလဲ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အားချာ