ဟိုပုံး ဇူလိုင်၁၇
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားထားကြောင်း ယမန်နေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
ယခုမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှ မျိုးရိုးဗီဇပြောင်းကူး စက်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့နေမှုကြောင့် ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၁၆ ရက်နေ့မှစ၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ သွားရန် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်ထံမှ သိရသည်။
ထို့အပြင် ဟိုပုံးမြို့နယ်အတွင်းရှိ ဈေးများအတွင်း စားသောက်ကုန်နှင့် ဆေးဝါးများ ရောင်းချသည့် ဆိုင်မှအပကျန်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ အခြားမြို့နယ်ပြင်ပမှလာရောက် ဈေးရောင်းချခြင်း ကိုလည်း ခွင့်မပြုကြောင်း ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့် ထံမှ သိရသည်။