ကိုဗစ်လူနာများအတွက် ပြည်ပမှတင်သွင်းလာသော အောက်ဆီဂျင်များ ရန်ကုန်သို့ရောက်ရှိ

ရန်ကုန် ဇူလိုင်   ၁၇

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများ အတွက် ပြည်ပမှ တင်သွင်း လာသော ဆေးရုံသုံး အောက်ဆီဂျင်ဓါတ်ငွေ့ရည် ၂၀ တန်တင်ဆောင်လာသည့် ပထမကားတစ်စီး မှာ ဇူလိုင် ၁၅ ရက် ည ၈ နာရီတွင်လည်းကောင်း ဒုတိယကားတစ်စီးမှာ ဇူလှိုင် ၁၆ ရက် နံနက် ၃ တွင်လည်းကောင်း ရန်ကုန်သို့ ရောက်ရှိလာသည်။

 

ပထမကားဖြင့် ရောက်ရှိလာသည့် Liquid Oxygen အရည်များကို မြောက်ဥက္ကလာပဆေးရုံကြီးရှိ အောက်ဆီဂျင် ဓါတ်ငွေ့ရည်သို လှောင်ကန်အတွင်းသို့ ကျွမ်းကျင်သူ နည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။

 

မြောက်ဥက္ကလာပဆေးရုံကြီးသို့ Liquid Oxygen ဖြည့်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ၊ ကျန်းမာရေးနှင့်အားက စားဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးဇော်ဝင်းတို့က အနီးကပ်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ ဇူလိုင် ၁၆ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် နံနက်ပိုင်းက ရောက်ရှိလာသော ဒုတိယကားတစ်စီးမှ အောက်ဆီဂျင်ဓါတ်ငွေ့ရည်များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ ဖိအားမြှင့်အောက်ဆီဂျင်သို လှောင်ကန်အတွင်းသို့ ကျွမ်းကျင်သူနည်းပညာ ရှင်များက ဖြည့်သွင်း ပေးမည့် အစီအစဉ်များကိုလည်းကောင်း ၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး မှ ရရှိ လာမည့် အောက်ဆီဂျင်များကို အောက်ဆီဂျင်အိုးများအတွင်း ထည့်သွင်းထားရှိပြီး လူနာများကုသရေး အတွက်အသုံးပြု မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေ မှု များကိုလည်းကောင်း ၊ အင်းစိန်မြို့နယ် ရွာမအမှတ် ၃ သံမဏိစက်ရုံတွင် အောက်ဆီဂျင်ထုတ်လုပ်နေမှု များကို လည်းကောင်း ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က အရည်အသွေးပြည့်မီစွာနှင့်အရေ အတွက်များ ထုတ်လုပ်နိုင်ရေး နှင့်ဆေးရုံများ၊ ကိုဗစ်စင်တာများ နှင့်ပြည်သူလူထုထံ အမြန်ဆုံးထုတ်လုပ်ဖြန့်ဝေ ပေးရန်မှာကြားသည်။

 

ယနေ့ ရောက်ရှိလာသော  Liquid  Oxygen များကို ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများတွင် တက်ရောက် ကုသခံနေသောလူနာများ နှင့်အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများအတွက်တပ်မတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်အလှူရှင်များ၏ ငွေအား လူအား အကူ အညီများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထပ်မံရောက်ရှိလာမည့် Liquid Oxygen များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး၊ အင်းစိန် ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးနှင့် အင်းယားစင်တာများ နှင့် အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများထံဆက်လက်၍ စနစ်တကျ ဖြန့်ဖြူးလှူဒါန်းပေးမည်ဖြစ် ကြောင်း သိရသည်။

 

စေတနာရှင် အလှူရှင် ၁၈ဦး ၏ စေတနာသဒ္ဒါထက်သန်စွာဖြင့် လှူဒါန်းငွေများဖြင့် Liquid Oxygen မက်ထရစ် တန် ၂၀ ဆန့် ကား၂၆စီး စာဝယ်ယူထားပြီးဖြစ်၍ ရက်ပိုင်းအတွင်း ရန်ကုန်သို့ ဆက်တိုက်ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး