ပန်လုံ ဇူလိုင် ၁၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပန်လုံမြို့၊ လမ်းဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ခဲ့သည်။
ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဟိုပန်မြို့၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးအိုက်ပေါင်းနှင့် ဒေါက်တာ ကျော်ထွန်း တို့က Mask(၂၀၀၀)ခုပါ (၁၂)ဖာ၊ အရက်ပျံ(၄၀)ဘူးပါ (၂)ဖာ၊ လက်သန့် ဆေးရည် (၂၄)ဘူးပါ(၄)ဖာနှင့်တရုတ်နိုင်ငံထုတ် ဖျားနာသောက်ဆေး (၄၀၀)ဘူးပါ(၁)ဖာ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပစ္စည်းများအား မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက လက်ခံရယူခဲ့ကြပြီး ပန်လုံမြို့နေ ပြည်သူ လူထုနှင့်မြို့အနီးရှိကျေးရွာနေပြည်သူလူထုအား ပြန်လည်ခွဲဝေ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။