ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံ ဇူလိုင် ၁၇
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဘက် ဆိုင်ရာ အောက်စီဂျင်ထုတ် စက်ရုံတည်ဆောက်မည့် နေရာအား ယမန်နေ့က က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက်နိုင်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
“ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအနေနဲ့ အောက်စီဂျင် စက်ရုံ တစ်ခု တည်ဆောက်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုဖြင့် ယနေ့ထိ အလှူငွေကျပ် သိန်း ၁၅၀၀ ကျော်ရရှိထားပြီး အောက်စီဂျင် စက်ရုံ တစ်ခု တည်ဆောက်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ တတိလှိုင်းရဲ့ ကူးစက်နှုန်းမြှင့်မားမှုနှင့် ပြင်းထန်မှုပေါ်မှာမူတည်ပြီးတော့ လိုအပ်လာနိုင်တဲ့အတွက် အောက်စီဂျင် စက်ရုံတည်ဆောက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် က ပြောသည်။
ကျိုင်းတုံမြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၄ ဦး ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်အချို့တွင်လည်း ကူးစက်မှုများရှိနေကြောင်း သိရသည်။
အောင်ဇင်မြင့်