လားရှိုးမြို့ရှိ မြသင်းကြူ(လျှပ်စစ်)ကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း (၂၀)လှူဒါန်း

လားရှိုး ဇူလိုင်  ၁၆

လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေးအဆောင်များ သာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေးအဆောင်၊ ပညာရေးကောလိပ် စောင့်ကြည့်ကုသရေး အဆောင်များကို ထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက် ရှိသည်။

လားရှိုးမြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ယနေ့မွန်းလွဲ (၂)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  မြသင်းကြူ(လျှပ်စစ်) ကုမ္ပဏီလီမိတက်၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ငွေကျပ်သိန်း (၂၀)ကို ပေးအပ်လှူဒါန်းရာ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပေးသည်။

ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ ပါဝင်လျက် ကျန်းမာရေးဝန်ကြီးဌာန က လမ်းညွှန်ထားသော လမ်းညွှန်ချက်များအပါအဝင် Stay at home ကြေငြာထားသည့်နေ့မှစ၍ ပူးပေါင်းအဖွဲ့တို့သည် ရပ်ကွက်များအလိုက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် လမ်းညွှန်ထားရှိသော စည်းကမ်းများမှ မလိုအပ်ပဲ အပြင်မထွက်ခြင်း၊ မဖြစ်မနေထွက်ပါကလည်း အိမ်တစ်အိမ် (၁)ဦးသာထွက်၍ စျေးဝယ်ခြင်း၊ ဆေးရုံဆေးခန်းသို့သွားရပါကလည်း (၂)ဦးသာ သွားခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရေးအစရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဟန်ဌေး (လားရှိုး)