ဖယ်ခုံ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များကိုယ်စား မြို့နယ်သံဃနာယကအဖွဲ့၀င်၊ လကျီနွဲ့ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာနဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောဘိတမှ လှူဒါန်းမှုနှင့်ပတ်သက်၍ သြဝါဒစကား ချီးမြှင့်ဟောကြားသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများနှင့် တစ်ခါသုံးဖော့ဘူးများလှူဒါန်းရာ တာ၀န်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအလှူငွေများ ပေးအပ်လှူဒါန်းရာတွင် လကျီနွဲ့ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောဘိတမှ အလှူငွေကျပ် ၁၀ သိန်း၊ ကဟန့်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဆရာတော်သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဣန္ဒကသာရမှ အလှူငွေကျပ် ၁၀ သိန်း၊ လကျီနွဲ့ကျေးရွာနေ ဦးမောင်၀င်း+ ဒေါ်မူယာမိသားစုမှ အလှူငွေကျပ် ၁၀ သိန်းနှင့် တစ်ခါသုံးဖော့ဘူး အလုံး ၅၀၀၊ စုစုပေါင်းငွေကျပ် သိန်း ၃၀ နှင့် တစ်ခါသုံးဖော့ဘူး အလုံး ၅၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ဖယ်ခုံမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ (Positive) ပိုးတွေ့လူနာစုစုပေါင်း ၃၀ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ခုနှစ်ဦး၊ သေဆုံးတစ်ဦးဖြစ်ကြောင်း သိရသည်။ (Positive) လူနာများနှင့် ဆက်စပ်ထိတွေ့သူများနှင့် ၎င်းပုဂ္ဂိုလ်များနေထိုင်သည့် နေအိမ်များအား ပရဟိတအဖွဲ့တို့မှ ဆေးဖြန်းခြင်းများဆောင်ရွက်ပြီး အသွားအလာကန့်သတ်ထားရှိကြောင်း သိရှိရသည်။
မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း ၊ Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းစသည့်ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ကြစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ဖယ်ခုံ(ပြန်/ဆက်)