ဘားအံ ဇူလိုင် ၁၆
ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်စက်ရုံ (Oxygen Plant) ဖြစ်မြောက်ရေးအတွက် ဘားအံမြို့သူ၊မြို့သား စေတနာရှင်ပြည်သူများက ဝိုင်းဝန်းပူးပေါင်း လှူဒါန်းထားသည့် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ဘားအံမြို့သူ၊မြို့သား စုပေါင်းအလှူရှင်များက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ငွေကျပ် သိန်း ၄၅၀ လာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ရက်လျှင် ၄၀ လီတာ အလုံး ၃၀၀ ထုတ်လုပ်နိုင်သည့် စက်ကြီးကို မှာယူထားပြီး ဖြစ်ပါကြောင်း၊ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော် ကုန်ကျမည် ဟု လျာထားပါကြောင်း၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် Mobile Oxygen Car နှစ်စီးကိုလည်း မှာယူထားပြီး ရှေ့လလယ်ခန့်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Oxygen လိုအပ်သည့် နေရာများသို့ ရွေ့လျားဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးစီးတည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်းပြီး လှူဒါန်းပေးပါသော ဘားအံမြို့သူ၊မြို့သား ၊ ရပ်မိရပ်ဖ၊ စေတနာရှင်ပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံမြို့သူမြို့သား စေတနာရှင်ပြည်သူများက အောက်စီဂျင်စက်ရုံ တည်ဆောက်ရေး အတွက် အလှူငွေကျပ် သိန်း ၄၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ဘားအံမြို့ပေါ်ရှိစေတနာရှင်ပြည်သူများကိုယ်စား အလှူရှင်တစ်ဦးက အလှူငွေများ ပေးအပ်လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း