ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အတည်ပြုလူနာ(၅၆)ဦးထိရှိလာ

ဟိုပုံး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇူလိုင်(၁၁) ရက်နေ့မှ ယနေ့အထိ အတည်ပြုလူနာ(၅၆)ဦး ထိရှိလာကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။

ဟိုပုံးမြို့နယ်သို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ကိုဗစ်-၁၉ ရောဂါပိုး စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူတို့အား (၈၉)ဦးတို့အား နှာခေါင်း အာခေါင် တို့ဖတ်များရယူ၍ ဇူလိုင်(၁၃)ရက်နေ့တွင် ဓာတ်ခွဲမှုဆေးပညာဌာန တောင်ကြီး(PHL) သို့ ပေးပို့ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၈)ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူများနှင့် ယမန်နေ့ကအတည်ပြုလူနာ အသက်(၂)နှစ်အရွယ် ကလေးငယ်၏ မိဘများ၊ သံသယလူနာများအား ထပ်မံစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၃)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၃၁)ဦးအထိ တွေ့ရှိခြင်း ဖြစ်ပြီး အဆိုပါ အတည်ပြုလူနာများအား တောင်ကြီးမြို့ ကွန်ပျူတာတက္ကသိုလ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေး Centre တွင် ကုသပေးလျက်ရှိကြောင်းနှင့် ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ လေးဦးမှာကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း