ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၁၂၉ ဦးရှိလာ

ပင်လောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ယနေ့ တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ မင်္ဂလာ ကွက်သစ် ရပ်ကွက်တွင် တစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းတွင် သုံးဦး၊ တီကျစ် တောင်ပိုင်းတွင် ငါးဦး၊ ပေါင်းလောင်း လွှဲကြီးရွာတွင် ငါးဦး၊ ပေါင်းလောင်း ရှမ်းကုန်းရွာတွင် တစ်ဦး စုစုပေါင်း အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၆ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၁၂၉ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၈ ဦးရှိပြီဖြစ်ကာ သေဆုံးလူနာ နှစ်ဦးရှိကြောင်း၊ ကျန်ရှိနေသော အတည်ပြုလူနာများကို ပင်လောင်းပြည်သူ့ဆေးရုံ၊ တီကျစ် တိုက်နယ်ဆေးရုံ၊ နောင်တရား တိုက်နယ်ဆေးရုံ၊ ဆောင်းပြောင်း တိုက်နယ်ဆေးရုံနှင့် ပေါင်းလောင်း တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။