မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း ၇၀၀၀ ခုကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ

မိတ္ထီလာ၊ ဇူလိုင်လ ၁၆
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း (၇၀၀၀)ခုကို ယနေ့ နံနက်က လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ရောဂါကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရှိရာတွင် မြို့နယ်အတွင်းရှိ သွေးလှူရှင်အသင်း များဖြစ်သည့် ထီလာလူငယ်အသင်း၊ မြို့သစ်လူငယ်အသင်း၊ နှလုံးလှမေတ္တာလူငယ် အသင်းနှင့် ကိုလူချောပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ် သော မြို့သစ်စျေး၊ ရန်မျိုးအောင်စျေး၊ ပုလဲစျေး၊ ပေါက်ချောင်းစျေး၊ ဘဲကန်စျေးနှင့် နာရီစင်အနီးနေရာ များတွင် ဇွန်လ ဒုတိယပတ်မှ စတင်၍ အပတ်စဉ် ဥပုဒ်နေ့တိုင်း နှာခေါင်းစည်း (၇၀၀၀)ခုကို အခမဲ့ဖြန့်ဝေပေးလျက်ရှိ ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်