မြောက်ဥက္ကလာပမြို့နယ်တွင် အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန် အလှူငွေများလှူဒါန်း

မြောက်ဥက္ကလာပ ဇူလိုင် ၁၆
 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာမှုကြောင့် ရောဂါ ကူးစက်ခံရသူလူနာများ အဓိကလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းက အလှူငွေ များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
 
ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစ၍ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ Quarantine centre များ၊ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက် ရွှေပေါက်ကံ (၁၇) ရပ်ကွက် စပယ်လမ်းနေ ဦးဌေးလွင်၊ ဒေါ်ခင်စိုးဆင့် မိသားစုက အလှူငွေကျပ် (၂)သိန်း၊ ရွှေပေါက်ကံ (၂၁) ရပ်ကွက် ပေါက်ကံလမ်းနေ ကိုချစ်ဆွေ၊ မခင်မြင့်မော် မိသားစုက အလှူငွေကျပ် (၁)သိန်း၊ မော်လမြိုင်မြို့ ဒုခရိုင်တရားသူကြီး ဦးနန္ဒမျိုး၊ ဒေါ်အိအိသွယ် မိသားစုမှ အလှူငွေကျပ် (၂)သိန်း၊ မြောက်ဥက္ကလာပ မြို့နယ် တရားသူကြီး ဦးဇေယျာဦးက အလှူငွေကျပ်(၁)သိန်းကို အောက်စီဂျင် လှူဒါန်းရေးကိစ္စများတွင် အသုံးပြုနိုင်ရန် လှူဒါန်းရာ ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
 
အဆိုပါ အသက်ကယ်အောက်စီဂျင် (လေ)အတွက် လှူဒါန်းလိုပါက ဖုန်း ၀၉-၄၂၀၁၆၃၇၃၃ ဦးနိုင်ဝင်း (ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူး)ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
 
မြမြဝင်း