ပင်လောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်းကြားချက်များနှင့်အညီ ပြည်သူလူထုများအား ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်း စည်း တပ်ဆင်အသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ မော်တော်ယာဉ်ဖြင့် ခရီးသွား ပြည်သူများအား စာရင်းမှတ်တမ်းကောက်ယူထားခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါ စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)