မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19 ရောဂါဖြစ်ပွားသူများကို လက်ခံကုသပေးနေ

မန္တလေးဇူလိုင်၁၆
 
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19ရောဂါ ဖြစ်ပွားနေသူများကို လက်ခံကုသပေးလျက်ရှိကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးထံမှ သိရသည်။
" မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ကိုဗစ်ရောဂါ ကုသတဲ့နေရာမှာ အဓိကအားဖြင့် Categories C လို့ခေါ်တဲ့ အဆိုးဆုံး အပြင်းထန်ဆုံးအဆင့် အသက်ကယ်တဲ့ လုပ်ငန်းတွေ လုပ်ရမယ့် နောက်အောက်စီဂျင် အဆက်မပြတ် ပေးဖို့လိုတဲ့ လူနာတွေကို လက်ခံပြီး ကုသပေးနေပါတယ်။ ဆေးရုံကြီးကို ကိုဗစ်လူနာကို ဝင်တဲ့လမ်းကြောင်းက ၂ခုရှိပါတယ်။ ဆေးရုံလာပြီး ပြတဲ့အခါမှာ ဆရာဝန်တွေက စီစစ်ပြီး ကိုဗစ်သံသယလူနာဖြစ်တယ်လို့ သတ်မှတ်လိုက်တယ်။ ပြီးတော့ ရောဂါဗေဒဆရာဝန်ကြီးတွေနဲ့ စစ်ဆေးလိုက်တဲ့အခါ ကိုဗစ်ပိုးတွေ့ရင် ကိုဗစ်ကုသဆောင်ကို ပို့တယ်။ ကိုဗစ်ပိုးမတွေ့ရင် ပုံမှန်ကုသဆောင်ကို ပို့တယ်။ လူနာက အသက်ရှူကြပ်တယ်။ မောတဲ့လူနာဖြစ်တဲ့ အတွက် ဆေးရုံကတော့ တင်မှ ဖြစ်တဲ့အတွက်ကြောင့် ပိုးမတွေ့ရင် ပုံမှန်ကုသဆောင်မှာ ထားပြီးတော့ ကုသပေးရတာ ဖြစ်ပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်က ပြောသည်။
မန္တလေးဆေးရုံကြီးတွင် အသက်ရှူကြပ်သော လူနာများကို COVID – 19ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးလျက်ရှိရာ တစ်နေ့လျှင် ပျမ်းမျှ ၂၀ဦးမှ ၃၀ဦး ဝန်းကျင် စစ်ဆေးပေးနေရပြီး လက်ရှိ အနေအထားအရ အသက်ရှူကြပ်သော လူနာ ၁၀ဦး စစ်ဆေးလျှင် ပိုးတွေ့သူ ၇ဦးရှိကြောင်း၊ COVID – 19ရောဂါကြောင့် သေဆုံးသူ အများစုမှာ အသက်အရွယ်ကြီးရင့်သူများ ဖြစ်ပြီး ရောဂါခံရှိသူများသာ ဖြစ်ကြောင်း သိရသည်။
" မန္တလေးဆေးရုံကြီးမှာ လက်ရှိ ဝန်ထမ်းအင်အားနှင့် လူနာအခြေနေအရအနံ့ပျောက်ရုံလောက်နဲ့ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေး‌ပေးတာမျိုး မလုပ်ပေးနိုင်သေးပါဘူး။ ဆေးရုံကြီးမှာ ဘယ်လိုလူနာမျိုးကို စစ်ပြီး လက်ခံကုသပေးလဲဆိုရင် Categories C လို့ ခေါ်တဲ့ အသက်လုရမယ့် လူနာတွေ၊ မဖြစ်မနေ ဆေးရုံတက်ရမယ့် လူနာတွေထဲက ကိုဗစ်လူနာကို ခွဲထုတ်ပြီး ကုသပေးတာဖြစ်ပါတယ်။ အဲတော့ အနံ့ပျောက်တာ၊ ကိုဗစ်ဖြစ်တဲ့သူနဲ့ ထိစပ်မိတာတွေ ရှိရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖွင့်ထားတဲ့ နဒီမြန်မာ Test and Care Centreမှာ စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။
မန္တလေးတိုင်ဒေသကြီးအတွင်း COVID – 19ရောဂါ ရှိ၊ မရှိကို ကန်တော်နဒီ ဆေးရုံ၊ နဒီမြန်မာဟိုတယ်ရှိ Test and Care Centreနှင့် ပုဂ္ဂလိက ဆေးရုံဖြစ်သည့် မြို့တော်ဆေးရုံ တွင် စစ်ဆေးနိုင်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံများနှင့် ချိတ်ဆက်၍ COVID – 19ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ထိပ်ထားနိုင်