ကျောက်ဆည်မြို့နယ်တွင် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ ဇူလှိုင်-၁၆
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာမှ တောင်သူများသည် ယခင်က ယာမြေများတွင် ငရုပ်၊ ပဲမျိုးစုံနှင့် ငှက်ပျောသီးနှံများ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ အဆိုပါသီးနှံ များထက် အကျိုးအမြတ်ရရှိသည့် ထိုင်ဝမ်သင်္ဘောမျိုးများ ပြောင်းလဲစိုက်ပျိုးခဲ့ရာ သင်္ဘောပင်များ အပင်ဖြစ်ထွန်းပြီး အသီးသီးအားကောင်းကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ထိုင်ဝမ်သင်္ဘောများ စိုက်ပျိုးမည်ဆိုပါက ဦးစွာမျိုးစေ့ထုပ်များဝယ်ယူပြီး ပလပ်စတစ် အိတ်ငယ် များတွင် မြေဆွေးထည့်ကာ လေဝင်လေထွက်ကောင်းသည့် အရိပ်အောက်တွင် ပျိုးထောင်ထား ရကြောင်း၊ ပျိုးပင်သက်တမ်း တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးမြေပေါ်တွင် တစ်ပင်နှင့်တစ်ပင် (၆)တောင် အကွာ အတန်းလိုက်စိုက်ပျိုးပြီး ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များပြုလုပ်ပေး ရကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင်အပွင့်များ စတင်ပွင့်ပြီး (၆)လအကြာတွင် ရောင်းတန်းဝင် အသီးများ စတင်ခူဆွတ်ရကြောင်း၊ ဒွေးလှကျေးရွာမှ စီးပွားဖြစ် ရွှေနီ(၁၆၈) ထိုင်ဝမ်သင်္ဘော သီးလုံးရှည် စိုက်ပျိုးသူ ဦးအောင်ကျော်ထံမှ သိရှိ ရသည်။
ဒွေးလှကျေးရွာတွင် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူ (၄၀)ဦးကျော်ရှိပြီး ရွှေနီ(၁၆၈) အသီးလုံးရှည်မျိုး နှင့် (၇၈၆) သင်္ဘောအလုံးဝိုင်းမျိုးများ စိုက်ပျိုးကြကြောင်း၊ ရွှေနီ(၁၆၈)အသီး လုံးရှည်မျိုး သည် (၇၈၆) သီးလုံးအဝိုင်းမျိုးထက် စားသုံးသူများ ပိုမိုကြိုက်နှစ်သောကြောင့် သင်္ဘောပွဲစား များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေနီ(၁၆၈) သင်္ဘောအလုံးရှည်မျိုး (၂)ထုပ်စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ (၇၄၀)ခန့်ပါရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင် နိုင်သဖြင့် ကုန်ကျစရိတ် (၁၂)သိန်းကျော်သာ ကုန်ကျပြီး ရောင်းချရာတွင် (၇)ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချ ရကြောင်း၊ အခင်းသိမ်းသည်အထိ တွက်ချက်ပါက ငွေကျပ်သိန်း(၅၀)ကျော် ပြန်လည်ရရှိသောကြောင့် ထိုင်ဝမ်းသင်္ဘော စိုက်ပျိုးသူများ စီးပွားရေးအဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)