နမ့်စန်(တ) ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းမှညနေပိုင်းအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၃ ဦး ၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၍ လာရောက်ပြသသူများနှင့် ယခင်နေ့များက ပိုးတွေ့ လူနာများနှင့်ထိတွေ့မှုရှိခဲ့သူများကိုစစ်ဆေးခဲ့ရာမှ မက်မွန်မုန်းကျေးရွာအုပ်စု ၊အမှတ် (၂) ကျေးရွာနေ အနံ့ပျောက်သူအသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ဦး ၊ ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများထဲမှ နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ ၃ နှစ်အရွယ် အမျိုးသား ၁ ဦး၊၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ဝမ်ပိန်းကျေးရွာအုပ်စု ၊ ပန်လင်းဆိုင်ကျေးရွာနေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၅ဦး ထံတွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၅ ဦးကို မြို့နယ် ပြည်သူ့ ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာ ကန့်သတ်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နမ့်စန်မြို့တွင် ဇူလိုင်လ ၁၅ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၈၀ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၄ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၁၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)