ကျိုင်းတုံ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း သိရှိခဲ့ရပါသည်-
ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၏ ပြောကြားချက်
“ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ် ၉ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုဗစ်ရှီး (Covid Shield)ကို ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၆၇၃၅ ဦး ထိုးနှံပြီးဖြစ်ပါတယ်၊ ဒါ့အပြင် ဆီနိုဖန်း(Sinopharm) ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦးထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းအရှေ့အတွက် ဆီနိုဖန်း ကာကွယ်ဆေး ၂၂၀၂၀၂ ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက် ထားပြီးလည်းဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုအနေနဲ့ ပြောရမယ်ဆိုရင် ရှမ်းအရှေ့မှာ တတိယလှိုင်းအချိန်ကစလို့ ဇူလိုင် ၁၃ ရက်နေ့အထိ ကျိုင်းတုံခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၅၇ ဦး၊ မိုင်းဆတ်ခရိုင်မှာ ၁၇ ဦး၊ တာချီလိတ်ခရိုင်မှာ ၃၈၇ ဦး စုစုပေါင်း ၄၆၁ ဦးရှိနေပြီဖြစ်ပါတယ်။ ဒီနေ့အထိ ဆေးရုံအသီးသီးကနေ ဆင်းခွင့်ရရှိသူ ၅၈ ဦး၊ ကုသဆဲ ၄၀၁ ဦး ရှိရာမှာ နှစ်ဦးကတော့ ထိုင်းနိုင်ငံသူဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကို ပြန်လည် လွှဲပြောင်း ပေးပြီးလည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ကုသရေး Center ၁၀ ခုရှိပြီး၊ အတည်ပြုလူနာထားရှိဖို့ Center ၁၃ ခု၊ Quarantine Center ၁၈ ခု ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒေသတွင်း ကူးစက်မှု အများဆုံးအဖြစ် တာချီလိတ်မြို့နယ်ဖြစ်ပြီးတော့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှာတော့ ပထမလှိုင်းကနေ ယခုလက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတဲ့ လူနာမရှိ သေးပါဘူး၊ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေရာမှာလည်း ဒေသပြင်ပမှ ဝင်ရောက်လာသူတွေကို မိုင်းပျဉ်း၊ မိုင်းတုံ ကျန်းမာရေးစစ်ရေးဂိတ်များမှာ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး၊ မိုင်းပျဉ်းမြို့မှာ အတည်ပြုလူနာများ ထားရှိနိုင်သည့်အရေအတွက် ထက် ကျော်လွန်လာတဲ့အတွက် မိုင်းပျဉ်းမှာ ကျန်းမာရေး မစစ်ဆေးခဲ့ရသည့်သူများကို ကျိုင်းတုံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ထပ်မံစစ်ဆေး ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒါ့အပြင် တာချီလိတ်မြို့မှာ ဇူလိုင် ၁၂ ရက် ညမှ စတင်ကာ stay at home သတ်မှတ်ကြေညာလိုက်တဲ့အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကော်မတီ အဆင့်ဆင့်ကနေ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာတွေ၊ ပရဟိတအသင်းဖွဲ့တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပေါင်းစပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဆေးကုသမှုပေးနေရာမှာ အောက်စီဂျင် အရေးပေါ်လိုအပ်တဲ့ လူနာတွေ မရှိသေးပါဘူး၊ ဒေသတွင်းလိုအပ်လာနိုင်တဲ့ အောက်စီဂျင်များကို ဖြည့်ဆည်းဖို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ ဌာနဆိုင်ရာတွေ၊ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းပါဝင်မှုနဲ့ Oxygen Plant တစ်ခု ကျိုင်းတုံမှာ တည်ဆောက်ဖို့ ပြင်ဆင်ဆောင်ရွက်န ေရာမှာ ငွေကျပ် သိန်း ၆၀၀ ကျော် ရရှိပြီးဖြစ်ပါတယ်။ အခုလက်ရှိ အောက်စီဂျင်လိုအပ်ချက်မရှိသေးသော်လည်း တစ်ချိန်ချိန်လိုအပ်လာပါက ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အပြင် လက်ရှိအနေအထားအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်”
ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်း ၏ ပြောကြားချက်
“ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ချိန်က စလို့ အတည်ပြုလူနာ ၁၅ ဦး ဆေးကုသမှုပေးနေပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ကုသဆောင်မှာ ဆရာဝန်တစ်ဦးနှင့်အတူ သူနာပြုများ က ဆေးကုသမှု ပေးနေပါတယ်၊ အကယ်၍ အတည်ပြုလူနာများလာပါက ဆရာဝန်နဲ့ သူနာပြုအင်အား ထပ်မံ ဖြည့်တင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးလိုတယ်ဆိုရင် ကျန်းမာရေးဌာနများမှာ စစ်ဆေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ အတည်ပြုလူနာ ၅၀ ဦး ကျော် လက်ခံကုသပေးနိုင်ပြီး ၅၀ ဦး ထက်ကျော်လွန်လာပါက ကိုဗစ်-၁၉ အတည်ပြုလူနာများ လက်ခံကုသစောင့်ရှောက်ပေးနိုင်ရန်အတွက် ပြည်နယ်၊ ခရိုင် ကိုစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီများနှင့် ညှိနှိုင်းစီစဉ်ပြီးဖြစ်ပါတယ်။ ဒီလိုစီစဉ်ရာမှာ ကျိုင်းတုံ သူနာပြုသင်တန်းကျောင်းမှာ အတည်ပြုလူနာ ၇၀ ထားရှိနိုင်ရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။”
ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်
“ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့အဝင်ဂိတ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေက သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ယာဉ်မောင်းတွေ၊ ခရီးသည်တွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ပါက သက်ဆိုင်ရာမြို့နယ်တွေ ရှိ သတ်မှတ်နေရာတွေမှာ ဆေးကုသပေးပြီးတော့ ၎င်းတို့နဲ့ထိတွေ့သူတွေကိုလည်း Quarantine ထားရှိ စောင့်ကြည့်ကာ စစ်ဆေးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူများအနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျနေထိုင်ပြီး၊ အာဟာရပြည့် အစားအစာများ စားသုံးတာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ရေများများသောက်တာ၊ မဖြစ်မနေ နှာခေါင်းစည်း (Mask)များ တပ်ဆင်တာ၊ လူစုလူဝေးရှောင်ကြဉ်တာ၊ တတ်နိုင်သမျှမိမိအိမ်တွင်သာနေတာ၊ လက်ကို မကြာခဏစနစ်တကျဆေးကြောတာ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်း ရှောင်ကြဉ်တာ၊ စတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းများကို အချင်းချင်း အသိပေးတာတွေ သတိပေးတာတွေကို့ ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဖော်ပြပါ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာပြီး ပူးပေါင်းပါဝင်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ ”
အောင်ဇင်မြင့်